ဖာပွန်ခရိုင်တွင် လက်နက်ကြီးကျည် ထိမှန်၍ ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ

ဖာပွန်ခရိုင်တွင် လက်နက်ကြီးကျည် ထိမှန်၍ ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ

ဧပြီ ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် မယ်ညုကျေးရွာအုပ်စု၊ ထိုခေးလိုကျေးရွာအတွင်းသို့ မထောရွာအခြေစိုက် စစ်ကောင်စီ ခမရ (၄၀၈) နှင့် မဟာမိတ်တပ် BGF တို့ ပူးပေါင်း ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်က ၈၁ မမ ဗုံးသီးများဖြင့် ပစ်ခတ်မှုတွင် ဒေသခံများ ထိုသို့ အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။

“တမင်ရွယ်ရည်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ” ဟု KNU က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၁၁ နှစ်အရွယ် နော်မူးကလယ် ညာဖက်ပေါင်၊ အသက်၁၂ နှစ်အရွယ် နော်ကူးဖေါ ညာလက်မောင်း၊ အသက် ၃၃ နှစ်အရွယ် စောကျောဃယ် ညာဖက်ခန္ဓာကိုယ်နှင့် အသက် ၆၁ နှစ် အရွယ် နော်ပူတို့ ဘယ်ဖက်လက်မောင်းကို အသီးသီးထိမှန်ဒဏ်ရာများ ရရှိသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယင်းနေ့ နေ့လယ် ၃ နာရီကျော်အချိန်ကလည်း ထိုစခန်းအတွင်းက မယ်ညုကျေးရွာအုပ်စုအတွင်းရှိ နိုဖောထီးနှင့် ထိုခေးလိုကျေးရွာအတွင်းသို့ ၈၁ မမ ဗုံးသီး သုံးလုံးခန့် ထပ်မံပစ်ခတ်ခဲ့ရာတွင် ဒေသခံများ ထိခိုက်မှု မရှိခဲ့သော်လည်း နွားခြောက်ကောင် ထိမှန်သေဆုံးကာ သုံးကောင် ထိခိုက်ဒဏ်ရာများ ရရှိသွားသကဲ့သို့ နေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း KNU က ဆိုသည်။

ကရင်ပြည်နယ်၊ KNLA ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

#ကရင်ပြည်နယ်

#ဖာပွန်ခရိုင်

#ဘူးသိုမြို့နယ်

#မယ်ညုကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#လက်နက်ကြီးပစ်ခတ်

#အရပ်သားထိခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly