မုံရွာမြို့တစ်ဖက်ကမ်း ဘန့်ဘွေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်

မုံရွာမြို့တစ်ဖက်ကမ်း ဘန့်ဘွေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်

ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာမြို့တစ်ဖက်ကမ်းရှိ အောင်ဇေယျ တပ်ကုန်းမှ ခုနစ်မိုင်ခန့်ဝေးသည့် မုံရွာ -ယာကြီး လမ်းဘေးတွင် ကပ်လျက်ရှိသော ဘန့်ဘွေးရွာဘက်သို့ ဦးတည်ကာ စစ်ကောင်စီတပ်က တာဝေးပစ် လက်နက်ကြီးများဖြင့် ဧပြီ ၁၃ ရက် ညနေ ၈ နာရီ အချိန်ခန့်တွင် ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကျနော်တို့ ဘန့်ဘွေးရွာမှာ ပျူစောထီးတွေက လွဲရင် အကုန်လုံးက စစ်ဘေးရှောင်နေရပါတယ် ၊ ကျနော်တို့ဘက်မှာ စစ်ဘေးရှောင် စခန်းဆိုပြီး သီးသန့် မရှိပါဘူး ၊ တချို့က နီးစပ်ရာ ရွာတွေက အသိမိတ်ဆွေ တွေဆီမှာ ရှောင်နေကြရပါတယ် ၊ တချို့က ဘန့်ဘွေးကတောပြင်တွေမှာ အသံနားစွင့်ပြီး ကျီးလန့်စာစား နေနေရပါတယ် ၊ အခုလိုမျိုး တာဝေးပစ်လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာတွေ မြင်ရကြားနေရတာ ဆိုတော့ ခိုလှုံရာ တော်တော်လေးကို မဲ့နေပါပြီ ၊ လက်နက်ကြီး ရဲ့ ပေါက်ကွဲအားက တော်တော်ပြင်းထန်ပါတယ် ၊ အသံတွေကလည်း အကျယ်ကြီးတွေဗျ ၊ ပစ်နေတာကလည်း ငါး မိနစ် တစ်ကြိမ်နှုန်းလောက်နဲ့ ကို ပစ်နေတာ”ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

ယမန်နေ့ ည ၈ နာရီခွဲအချိန်၌ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို သွားရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုလည်း အောင်ဇေယျကုန်းမှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တပ်ဆုတ်ခဲ့ရကြောင်း ဗိုလ်သူရိန်တပ်ရင်းမှ ရဲဘော်တစ်ဦးက ဆိုသည်။

#စစ်ကိုင်းတိုင်း

#ဘန့်ဘွေးကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#လက်နက်ကြီးပစ်ခတ်

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly