လာမည့် အစိုးရနှင့် ပူးပေါင်းဆောက်ရွက်မည် “အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်” လို့ သမ္မတပြော

လာမည့် အစိုးရနှင့် ပူးပေါင်းဆောက်ရွက်မည် “အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်” လို့ သမ္မတပြော

ဇန်နဝါရီ ၂၈ ရက် လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး သူ့ သက်တမ်းအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို ပြောဆိုသွားခဲ့သည်။ မိန့်ခွန်းတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

အစိုးရသစ်နှင့် ပူးပေါင်းဆောက်ရွက်ရန်ကိုလည်း “ပကတိအရှိတရားအရ မည်သည့်ပါတီက တာဝန်ယူသည် ဖြစ်စေ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီတာဝန်ကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ကျွန်တော်နဲ့ အစိုးရ အဖွဲ့ဝင်အားလုံးက နောက်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

မိန့်ခွန်း နောက်ဆုံးပိုင်းတွင်မူ “အစိုးရနဲ့ လွှတ်တော်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို ပိုမို အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ၊ မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ် ဖြာကျန်းမာချမ်းသာကြပါစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်” ဟု ပြောသွားခဲ့သည်။

 

မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမက ပြန်လည် ဖေါ်ပြလိုက်ပါသည်။

 

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော်တို့အားလုံးဟာ ဆယ်စုနှစ်ငါးခုကျော်လောက် ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ကင်းကွာ ခဲ့ရတဲ့နိုင်ငံကို စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် တည်ဆောက်ဖို့ စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့ကစပြီး လုံးဝကွဲပြားခြားနားတဲ့ နိုင်ငံရေး စနစ်သစ်တစ်ခု၊ အုပ်ချုပ်မှုစနစ်သစ် တစ်ခုကို စတင် အကောင်အထည်ဖော်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်အကောင်အထည် ဖော်တဲ့အချိန်မှာပဲ အရှေ့ အလယ်ပိုင်းဒေသက အာရပ် နိုင်ငံများမှာ အာရပ်နွေဦးအမည်နဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။

အခု ငါးနှစ်ကြာလာတဲ့အချိန်မှာ အရှေ့ အလယ်ပိုင်းဒေသက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများမှာ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နိုင်ငံများ ပြိုကွဲ ပျက်စီးနေတာ၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာ၊ မင်းမဲ့စရိုက်နဲ့ အစွန်းရောက်ဝါဒတွေ ထွန်းကားလာတာတွေကြောင့် မူလရည်မှန်းချက် ဖြစ်တဲ့ ဒီမိုကရေ စီပန်းတိုင်နဲ့ အလှမ်းဝေး သထက် ဝေးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုအချို့  ရှိနေသေးပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို တည်ငြိမ်အေးချမ်းစွာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အထူးခြားဆုံး အောင်မြင်မှုဖြစ်ပြီး နိုင်ငံတကာက စံနမူနာပြု လေ့လာရတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ ပြည်သူများရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

ကျွန်တော့်အနေနဲ့ ၂၀၁၁ ခုနှစ်၊ ရာထူး လက်ခံမိန့်ခွန်းမှာ နိုင်ငံကို ပို၍ တည် ငြိမ်တဲ့နိုင်ငံ၊ ပို၍ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ အဖြစ်ရောက်အောင် အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေရှိတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ကတိ ပေးခဲ့ပါတယ်။ အဲဒီကတိပြုချက် အတိုင်းပဲ ပြည်သူများရဲ့  ဆန္ဒနှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ဖို့ အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် လေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင် အရေးကြီးဆုံးက နိုင်ငံရေးတည်ငြိမ်မှု ရရှိရေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် မိန့်ခွန်းမှာ မူဝါဒလမ်းစဉ် (၇) ရပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြ သေးတဲ့ ပြည်တွင်း၊ ပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ အနေနဲ့ မတူညီသော သဘောထားအမြင်များ ရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို တရား နည်းလမ်းကျစွာ ရယူဖို့ တိုက်တွန်းခဲ့သလို ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆို နေကြောင်း အသိပေးပြောကြားခဲ့ ပါတယ်။

ဒါ့ကြောင့်လည်း ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ နိုင်ငံသားအားလုံး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ခွင့် ရရှိစေရန်အတွက် ယုံကြည်ချက်ကြောင့်၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ထိန်းသိမ်းထားခဲ့ရတဲ့ အကျဉ်းသားများကို ပြန်လည်စေလွှတ်ပေး ခဲ့ပါတယ်။

အဲဒီလိုပဲ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုခဲ့တဲ့ နိုင်ငံရေး ပါတီများအနေနဲ့ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်နိုင်စေရန် အတွက် လိုအပ်တဲ့ ဥပဒေ ပြင်ဆင်မှုများကိုပြုလုပ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်ချက်များကြောင့်ပဲ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော၊ ယှဉ်ပြိုင်ခွင့်မရခဲ့သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများဟာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်များကို ရယူဆောင်ရွက် နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း ကျွန်တော် ကတိပြုခဲ့တဲ့အတိုင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာ ငြိမ်းချမ်းရေးအတွက် တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းမှုများကို လုပ်ဆောင်ခဲ့ ပါတယ်။ ကြိုတင် ကန့်သတ်ချက်တွေမပါဘဲ လွတ်လပ်မှုရှိရှိ၊ တန်းတူမှုရှိရှိနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အစည်းအဝေးများကို ကျင်းပခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုများကြောင့် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူ စာချုပ်ပေါင်း (၃၉ ) ခုကို သီးခြားလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ဖို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရရှိရေးကို တစ်နှစ်ကျော် အပြန်အလှန်ဆွေးနွေးခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့အစည်းများအတွက်လည်း အစဉ် တံခါးဖွင့် ထားပြီးဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံပြီး စာချုပ် ပါ အချိန်ဇယားအတိုင်း နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်ကို အစပြု အကောင်အထည်ဖော်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၂ ) ရက်နေ့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်းဟာ ကျွန်တော်တို့ အစိုးရ အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့် အစိုးရထံသို့ တာဝန် လွှဲပြောင်းပေးရာမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ညီလာခံက ပေါ်ထွက်လာတဲ့ ဆွေးနွေးချက်များဟာ နောက်အစိုးရ လက်ထက်မှာ ဆက်လက်ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ် ကောင်းများပဲဖြစ်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား -

၂၀၁၁ ခုနှစ်က ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ထွက်လာအောင် ဆောင်ရွက်မယ်၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ၊ အခွန်အကောက် ဆိုင်ရာ မူဝါဒများကိုလည်း လိုအပ် သလို ပြင်ဆင်ချမှတ် ကျင့်သုံး ဆောင်ရွက်သွားမယ်၊ ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြ ကျေးလက် လူနေမှု အဆင့် ကွာခြားမှုများကို လျှော့ချမယ်လို့ ကျွန်တော် ကတိပြု ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က စတင်ပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှု စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ်ဖြစ်တဲ့ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးများကို ချမှတ်ဆောင်ရွက်ခဲ့ ပါတယ်။

ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့အတွက် ကာလရှည် အနှစ် (၂၀) အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ၂၀၁၁-၂၀၃၁ ခုနှစ်၊ မြန်မာ့ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်၊ ၂၀၁၀-၂၀၃၅ ခုနှစ် မြန်မာ့စက်မှုလုပ်ငန်း တိုးတက်ရေး မျှော်မှန်းချက်နဲ့ အခြား မူသဘောဆိုင်ရာစီမံကိန်း (Conceptual Plan)၊ ပင်မစီမံကိန်း ( Master Plan)၊ မြေယာအသုံးချမူဝါဒ ( Land Use Policy ) များကို နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီနဲ့ ရေးဆွဲပြီး လွှတ်တော်သို့တင်ပြခြင်း၊ ပြည်သူလူထုသို့ အသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ စာရင်းဇယားများ၊ ကိန်းဂဏန်းများ တိကျ မှန်ကန်စေရန်အတွက် နှစ်ပေါင်း သုံးဆယ်ကျော် ကောက်ယူနိုင်ခြင်း မရှိခဲ့တဲ့ လူဦးရေနှင့် အိမ်ထောင်စုစာရင်း၊ စီးပွားရေး စစ်တမ်းများပါဝင်တဲ့ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီသန်းခေါင်စာရင်း ကောက်ယူမှုဟာ ကျွန်တော်တို့ အစိုးရအတွက်သာမက နောင်တာဝန်ယူမယ့် အစိုးရ အဆက်ဆက် အတွက်လည်း စီးပွားရေး စီမံကိန်းများရေးဆွဲရာမှာ များစွာ အထောက် အကူဖြစ်စေတဲ့ အရေးကြီးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဓိက အခက်အခဲကတော့ နှစ်ပေါင်းနှစ်ဆယ်လောက် ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ် ထားခဲ့တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုများပဲ ဖြစ်ပါတယ်။ အဲဒီလိုပိတ်ဆို့အရေးယူ မှုတွေကို ဖယ်ရှား နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အပေါ် အပြုသဘော မမြင်နိုင်သေးတဲ့ နိုင်ငံများကို ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီစနစ် ကို မှန်မှန်ကန်ကန်၊ အနှစ်သာရရှိရှိ ကျင့်သုံးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ် ဆိုတာကို သက်သေပြခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့  အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြု လက်ခံပြီး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ရပါတယ်။ ကျွန်တော် ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အခြားမိတ်ဘက် နိုင်ငံများကို သွားရောက်ပြီး နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော် ခေါင်းဆောင်များကို တွေ့ဆုံ ရှင်းလင်း ပြောကြားခဲ့ရပါတယ်။ ဒ့ါကြောင့်လည်း ကျွန်တော်တို့ အစိုးရသစ် အပေါ်မှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ယုံကြည်မှုကို အချိန်တိုအတွင်း ရရှိခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။

သြစတေးလျ၊ နော်ဝေနိုင်ငံတို့က စီးပွားရေး ပိတ်ဆို့မှုများကို ဦးစွာ ရုတ်သိမ်းပေးခဲ့ပြီးနောက် ဥရောပသမဂ္ဂနဲ့ အခြား နိုင်ငံများကလည်း ရုတ်သိမ်းပေးခဲ့ပါတယ်။ ကုန်သွယ်မှုဆိုင်ရာ (G.S.P) အကျိုးခံစားခွင့်လည်း ရရှိနေပြီဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဒဏ်ခတ် အရေးယူမှု အများစုကို ရုတ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုစီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့တဲ့အတွက် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရန်အတွက် အခြေအနေကောင်းများ ရရှိလာခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းခြင်းနဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြဋ္ဌာန်းနိုင်ခြင်း၊ အထူးစီးပွားရေးဇုန်များ စတင်အကောင်အထည်ဖော်နိုင်ခြင်းတို့ကြောင့် ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၁ ခုနှစ်မှာ ငွေကျပ် ( ၂၄၁.၅၇ ) ဘီလီယံရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ငွေကျပ် ( ၅၁၇၉.၉၁) ဘီလီယံအထိ တိုးတက် လာခဲ့ပါတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ( ၄.၆၄ ) ဘီလီယံကနေ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ( ၂၂.၁၂ ) ဘီလီယံ အထိ တိုးတက်လာခဲ့ပါတယ်။

လူတစ်ဦးချင်း ဝင်ငွေဟာလည်း နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ ( IMF ) ရဲ့ အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၀၀ ကျော် ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၇၀ အထိ တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား -

စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အောင်မြင်မှု အချို့ကိုလည်း ဖော်ပြလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာမှာ အတားအဆီး တစ်ခုဖြစ်နေတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း အမျိုးမျိုး ဖြစ်နေတာကို ဖျက်သိမ်းပြီး ဈေးကွက်ကိုအခြေခံတဲ့ တစ်ခုတည်းသော ငွေကြေး လဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ချက်အပေါ် စိုးရိမ်မှုတွေရှိနေပေမယ့် ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတဲ့ ဗဟိုဘဏ်ကို သီးခြားအဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နိုင်ရန်အတွက် ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခင်အစိုးရ အဆက်ဆက်က တင်ရှိနေတဲ့ ကြွေးမြီများအနက်မှ ဒေါ်လာ (၆) ဘီလီယံခန့်ကို ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံများနဲ့ ညှိနှိုင်းလျော်ပစ်နိုင်ခဲ့သလို အကြွေးဟောင်း အကြွေးသေ တွေကိုလည်း ပေါင်းကူးချေးငွေရယူပြီး သက်သာသောနှုန်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ ပါတယ်။

ဒီလ ိုဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေမယ့် ကမ္ဘာ့ဘဏ် အပါအဝင် IMF, ADB, ODA တို့မှ ငွေကြေးနဲ့ နည်းပညာ အကူအညီ အထောက်အပံ့ များလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် EITI အဖွဲ့ဝင် ဖြစ်ရေးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး (LDC) နိုင်ငံ အဖြစ်က လွတ်မြောက်အောင်လည်း အစပျိုး ဆောင်ရွက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘဏ္ဍာရေး စနစ်နဲ့ ပတ်သက်ရင်လည်း ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ( Public Financial Management, PFM ) စနစ် ပေါ်ပေါက်အောင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်တွင်း ဘဏ်များ အရည်အသွေး မြင့်မားစေဖို့အတွက် အရည်အသွေးမြင့်မားတဲ့ နိုင်ငံတကာဘဏ် ( ၉ ) ဘဏ်ကို ဘဏ်ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာနည်းတူ ငွေကြေးဈေးကွက် ပေါ်ပေါက်ဖို့အတွက် ရန်ကုန် စတော့အိပ်ချိန်းကိုလည်း တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အလားတူပဲ အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အနေနဲ့ ပြည်သူများအနေနဲ့ ပေးသင့် ပေးထိုက်သော အခွန်များကို စနစ်တကျ ပေးဆောင်နိုင်ဖို့ ရှင်းလင်းသည့် အခွန်စနစ် သတ်မှတ်၍ အကြီးစား အခွန်ထမ်း ရုံးကို ထူထောင်ခြင်း၊ အခွန်ထမ်းဆောင်သူများကို ကျွန်တော်ကိုယ်တိုင် အသိအမှတ် ပြုခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလိုဆောင်ရွက် ခဲ့တဲ့အတွက် ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ ပြည်ထောင်စု၏ အခွန်ရငွေဟာ ၁.၀၇၇ ထရီလီယံကျပ်ရှိပြီး ပြည်ထောင်စု၏အခွန်ရငွေနှင့် ဂျီဒီပီ အချိုးဟာ ၃.၂ % ပဲရှိရာကနေ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ အခွန် ရငွေဟာ ၆.၃၈၇ ထရီလီယံအထိ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏အခွန်ရငွေနဲ့ ဂျီဒီပီအချိုးဟာ ၈.၇ % အထိ မြင့်တက်လာခဲ့ပါတယ်။ 

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -
 

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဟာလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော် စတင်တာဝန်ထမ်း ဆောင်ချိန်မှာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့  စီးပွားရေး ပြုပြင်ပြောင်းလဲမှုများရဲ့ ရလဒ်ကြောင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာတာနဲ့အမျှ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုမိုလုပ်ဆောင်ပေး နိုင်ခဲ့ပါတယ်။

ပညာရေးကဏ္ဍမှာ ၂၀၁၁ ခုနှစ်က အသုံးစရိတ်ကျပ် (၃၁၀) ဘီလီယံရှိရာကနေ ၂၀၁၅ ခုနှစ်မှာ (၁၆၉၂) ဘီလီယံအထိ တိုးတက် သုံးစွဲခဲ့ပါတယ်။ ယခင်က မူလတန်း အခမဲ့ ပညာရေးသာ ဆောင်ရွက်ရာကနေ အထက်တန်း အခမဲ့ပညာရေးအထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်များ၊ ဘက်စုံပညာ ထူးချွန်လူငယ် အစီအစဉ်များ၊ ပညာသင်ဆု ချီးမြှင့်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ခဲ့သလို နိုင်ငံတော်သမ္မတ ပညာသင်ဆုအစီအစဉ်နဲ့ နိုင်ငံတကာတက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ် ပေးနိုင်ခဲ့ပါတယ်။ ပညာရေး ကဏ္ဍအသုံးစရိတ်များ တိုးမြှင့် အသုံးပြုလာတာနဲ့အမျှ လိုအပ်သည့် ကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ ကျောင်းများအတွက် လိုအပ်သည့်အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် အခြေခံပညာရေး အပိုင်းမှာ ၂၀၁၁ ခုနှစ်မှာ ကျောင်းပေါင်း လေးသောင်း တစ်ထောင်ကျော် ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ကျောင်းပေါင်း လေးသောင်းငါးထောင်ကျော် အထိ တိုးတက်လာခဲ့ပါတယ်။ ကျောင်းသား ဦးရေဟာလည်း ရှစ်သန်း ခုနှစ်သောင်းကျော်ကနေ ရှစ်သန်းရှစ်သိန်းကျော်အထိ တိုးတက်လာခဲ့ပါတယ်။ ဆရာ၊ ဆရာမ ဦးရေဟာလည်း နှစ်သိန်းခုနှစ်သောင်းကျော်ကနေ သုံးသိန်းသုံးသောင်း ကျော်အထိ တိုးတက်လာခဲ့ပါတယ်။ ကျောင်းအဆောက်အဦသစ် တစ်သောင်း တစ်ထောင်ကျော်ကို ဆောက်လုပ် ပေးခဲ့ပြီး အဆောက်အဦပေါင်း တစ်သောင်း တစ်ထောင့် တစ်ရာကျော်ကိုလည်း ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များ ပေါ်ပေါက်လာစေရေးအတွက် ကင်းထောက် လူငယ်များ၊ ထူးချွန်ကျောင်းသားကျောင်းသူများ၊ ကြက်ခြေနီ မောင်မယ်များစတဲ့ လူငယ်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများကိုလည်း ပြန်လည် ဖော်ထုတ်အားပေးခဲ့ပါတယ်။

တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ တရားတော်ရဲ့ အဆုံးအမတွေ၊ ဓမ္မစကူးလ်တွေ၊ ဆောင်ရွက်မှုတွေ ရှိလာတာကို ကြိုဆိုရမှာလည်း ဖြစ်ပါတယ်။ အခြားဘာသာများရဲ့ လူသားကောင်းကျိုးပြု ဟောပြောမှု တွေကိုလည်း ကြိုဆိုပါတယ်။ ကျောင်းပညာရေးနဲ့ ဆက်နွယ်ပြီး ပြည်သူ့နီတိတွေ၊ လူ့ဘောင် အဖွဲ့အစည်းကို ကောင်းကျိုးဖြစ်စေမယ့် အလေ့အထ၊ အမူအကျင့်၊ စိတ်ထား ကောင်းတွေလည်း သင်ကြားပေးဖို့ စီမံလျက် ရှိပါတယ်။ ဒါမှ ငြိမ်းချမ်းတဲ့၊ အေးချမ်းတဲ့၊ သာယာတဲ့ စိတ်ထားကောင်းတဲ့ လူတွေနေတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ပွားနိုင်တဲ့လူတွေ နေထိုင်ကြတဲ့ နိုင်ငံကြီး ဖြစ်ရမယ်လို့ မျှော်မှန်း ကြိုးပမ်းခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကလည်း ၂၀၁၁ ခုနှစ်မှာ ကျပ် ၈၆.၅၈ ဘီလီယံ ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ကျပ် ၈၁၄.၁၇ ဘီလီယံ ရှိလာခဲ့ပါတယ်။ ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မီစေဖို့အတွက် ပြီးခဲ့တဲ့ ငါးနှစ်တာကာလ အတွင်းမှာ ဆေးရုံ (၂၂၅) ရုံ တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး ဆေးရုံ (၁၀၀) ကို အဆင့်မြှင့်တင်ပေးခဲ့ ပါတယ်။ အလားတူပဲ ခရိုင်၊ မြို့နယ် ကုသရေးရုံး (၄၂၁) ရုံးကို အသစ် တည်ဆောက် ဖွင့်လှစ်ပေးခဲ့သလို ကျေးလက်ကျန်းမာရေးဌာန၊ မိခင် ကလေး ကျန်းမာရေးဌာန၊ ဒေသန္တရ ကျန်းမာရေးဌာန (၂၂၅) ခု၊ တိုင်းရင်းဆေးရုံ (၄၄) ရုံ၊ သူနာပြုနဲ့ သားဖွားကျောင်း (၉ ) ကျောင်းကို အသစ်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူများအနေနဲ့ မိမိတို့နေထိုင်ရာ ဒေသမှာပဲ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှု များကို ရယူနိုင်ဖို့အတွက် တိုင်းဒေသကြီး/ပြည်နယ်မြို့ကြီးများက ဆေးရုံ (၁၅) ရုံကို ခုတင် (၅၀၀) ဆေးရုံကြီးများအဖြစ် အဆင့်မြှင့်တင် ပေးခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလည်း ခုတင် (၂၀၀၀) ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါတယ်။ တစ်ဖက်ကလည်း ဆေးရုံများကို အဆင့်မြှင့်တင်ပေးသလို လူနာများအနေနဲ့ ကျန်းမာရေးအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် အခမဲ့ကုသမှု အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား -

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ ဆက်သွယ်ရေး ကဏ္ဍဟာလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးစွဲမှုကို တိုးချဲ့ဖို့ အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို တိုးချဲ့ခြင်းဟာ သာမန်ဆက်သွယ် ပြောဆိုရုံ အတွက်သာမဟုတ်ပဲ ပြည်သူများရဲ့ သတင်း အချက်အလက် သိပိုင်ခွင့်၊ အသိပညာ ရှာဖွေဆည်းပူး နိုင်ခွင့်ကိုလည်း တိုးချဲ့ပေးလိုက်တာ ဖြစ်ပါတယ်။

ကျေးလက်နေ ပြည်သူများအနေနဲ့ မိုဘိုင်းဖုန်း၊ အင်တာနက်တို့ကနေ ဈေးကွက်သတင်း၊ ရာသီဥတု သတင်းများကို ရယူနိုင်တဲ့အတွက် ကျေးလက်နဲ့ မြို့ပြကြား အသိပညာ ကွာဟချက်ကို ကျဉ်းမြောင်းစေပြီး ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ နိုင်ငံတကာ ကုမ္ပဏီများ ပါဝင်ဆောင်ရွက်ခွင့် ပြုခဲ့တဲ့အတွက် ယခုအခါ နိုင်ငံတွင်း မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုဟာ ၂၀၁၁ ခုနှစ်က ၄%၊ ၅% ခန့်သာ ရှိခဲ့ရာ ကနေ အခုအခါမှာ ၈၀% ကျော်အထိ တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆင်းကဒ်ဈေးနှုန်း များဟာ ၁၅ သိန်း၊ သိန်း ၂၀ ကနေ ၁၅၀၀ ကျပ်အထိ လျှော့ချပေးခဲ့တဲ့အတွက် လူတိုင်း လက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်လာပါပြီ။ မကြာခင်မှာ Mobile Banking ကိုပါ တိုးချဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကျေးလက်ဒေသနေ ပြည်သူများရဲ့ စီးပွားရေး အခွင့်အလမ်း များက ပိုမိုမြင့်မား လာတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အားနည်းချက် တစ်ခုကတော့ လျှပ်စစ်မီး ရရှိသုံးစွဲ နိုင်ရေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ အမျိုးသား စွမ်းအင်မူဝါဒကို ရေးဆွဲအတည်ပြုခဲ့ပြီး ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံ ချက်ကိုလည်း ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား လျှပ်စစ်ဓာတ်အား ပင်မစီမံချက်ကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ပူးပေါင်းပြီးလည်းကောင်း၊ အမျိုးသား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံချက်အား ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး လည်းကောင်း ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ လျှပ်စစ်ဓာတ်အား (၁၈၂၂) မဂ္ဂါဝပ် တိုးတက် ထုတ်လုပ် ခဲ့တဲ့အတွက် ယခုဆိုရင် မြို့ပေါင်း (၄၂၂) မြို့၊ ကျေးရွာပေါင်း (၂၉၁၀၉ ) ရွာမှာ လျှပ်စစ်မီး အသုံးပြု နိုင်နေပြီဖြစ်ပါတယ်။ အဲဒီလို တိုးချဲ့ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်ကစပြီး မဟာဓာတ်အားလိုင်း စနစ်ကနေ လျှပ်စစ်ဓာတ်အား မရရှိခဲ့တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်များမှာ လျှပ်စစ်ဓာတ်အား စတင်ရရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကျေးလက်မီးလင်းရေးကနေ ငါးနှစ်အတွင်း ကျေးရွာ ပေါင်း (၁၀၄၂၁ ) ရွာကို မီးလင်းအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အမျိုးသား လျှပ်စစ်ဓာတ်အား ပင်မစီမံချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ငါးနှစ် စီမံကိန်းနဲ့ အိမ်ထောင်စုပေါင်း ၁.၇ သန်းကို လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးနိုင်ရေး စီမံထားပြီးလည်း ဖြစ်ပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများရဲ့  ရလဒ်များကို ပြည်သူများ ရရှိခံစားနိုင်ဖို့အတွက် အုပ်ချုပ်ရေး စနစ် ပြုပြင် ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်ဟာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှသာ အောင်မြင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပြည်သူများရဲ့ အကျိုးစီးပွားကို မျှတစွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။

ယခင်က အထက်မှ အောက်ကိုဆင်းသက်တဲ့ Top Down စနစ်အား အောက်ခြေမှ ဗဟိုကို တင်ပြတဲ့ Bottom Up ပြည်သူဗဟိုပြု အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့ပါတယ်။ ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဖွဲ့စည်းထားတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများဟာ လွှတ်တော် ကိုယ်စားလှယ်များ၊ စီမံခန့်ခွဲရေး ကော်မတီများနဲ့ပေါင်းစပ်ပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်စေခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပိုမို ပေါင်းစပ် ဆောင်ရွက် နိုင်ဖို့အတွက် ဒုတိယ ဝန်ကြီးများ ဦးစီးတဲ့ Delivery Unit များကို ဖွဲ့စည်းကာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်စေခဲ့သလို အုပ်ချုပ်ရေး လုပ်ငန်းများမှာ ပွင့်လင်းမြင်သာမှု ရှိစေဖို့နဲ့ လွယ်ကူချောမွေ့ စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များမှာ One Stop Shop ရုံးပေါင်း (၂၆၇) ရုံးကို ဖွင့်လှစ်ခဲ့ပြီး ဆက်လက် တိုးချဲ့ဖွင့်လှစ်လျက်လည်း ရှိပါတယ်။

အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတာကတော့ နိုင်ငံဝန်ထမ်းများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဝန်ထမ်းများ အရည်အသွေး မြင့်မားရေးနဲ့ သက်သာချောင်ချိရေးအတွက် သင်တန်းများပေးခြင်း၊ ပညာတော်သင် စေလွှတ်ခြင်း များအပြင် လစာများတိုးမြှင့်ပေးခြင်း၊ အငြိမ်းစားလစာများ တိုးမြှင့်ပေးခြင်း တို့ကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

အခြားဒီမိုကရေစီ နိုင်ငံများနည်းတူ အစိုးရ အဆက်ဆက် ပြောင်းလဲပေမယ့် ဌာနတာဝန်များကို တည်ငြိမ်စွာ လက်ဆင့်ကမ်း ထမ်းဆောင် သွားနိုင်ဖို့အတွက် အမြဲတမ်း အတွင်းဝန်များကို ပြန်လည် ခန့်ထားခဲ့ပြီး လိုအပ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကာလအတွင်းမှာ အဆင့်ဆင့်သော ရာထူးတာဝန်များကို ထမ်းဆောင် နေတဲ့ နိုင်ငံ့ဝန်ထမ်း တစ်သန်းခွဲကျော်ဟာ ယခင်အုပ်ချုပ်ရေး စနစ်နဲ့ လုံး၀ ကွဲပြား ခြားနားတဲ့ အုပ်ချုပ်ရေး စနစ်တစ်ခု ပေါ်ပေါက်လာအောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်လည်း ဝန်ထမ်းများရဲ့  ကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်း စဉ်များမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုကတော့ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေများကို ပယ်ဖျက်ပေးခဲ့ပြီး လိုအပ်တဲ့ ဥပဒေသစ်များကိုလည်း ပြဋ္ဌာန်းပေးခဲ့ပါတယ်။ သတင်းမီဒီယာများရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်းအတတ်ပညာဆိုင်ရာ အဆင့်အတန်းများ မြင့်မားစေဖို့အတွက် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းများကို သတင်း မီဒီယာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းများကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုခြင်း များကို ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်တဲ့ သတင်း မီဒီယာကောင်စီကို ဖွဲ့စည်းခဲ့ပြီးဖြစ်သလို လွတ်လပ်တဲ့ ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီကိုလည်း ဆက်လက်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ သမားများ လွတ်လပ်စွာ သတင်းရယူခွင့်ကို အထောက်အကူဖြစ်စေမယ့် သတင်းအချက် အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း ( Right to Information Law ) ကိုလည်း ရေးဆွဲပြုစုထားပြီး ဖြစ်တဲ့အတွက် နောက်အစိုးရအဖွဲ့ကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ ဥပဒေတွေ အသက်ဝင်လာတာနဲ့အမျှ ဒီကနေ့ သတင်း မီဒီယာသမားများ ကြုံတွေ့နေရတဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ၊ ဥပဒေကြောင်းဆိုင်ရာ အခက်အခဲများ လျော့နည်း ပပျောက် သွားမှာ ဖြစ်ပါတယ်။

အလားတူ လူ့အခွင့်အရေး ကော်မရှင်ဟာလည်း သက်ဝင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာလည်း လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းထားသလို တစ်ဘက်ကလည်း လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ International Transparancy Initiative အရ ၂၀၁၀ ခုနှစ်မှာ Anti Corruption Index ၁၈၃ ကနေ ယခု ၂၀၁၅ ခုနှစ်မှာ ၁၄၆ ဖြစ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ဘက်ကို ရွေ့လာတာ တွေ့နိုင်ပါတယ်။ ကာလကြာရှည် သံချေးတက်နေတဲ့ အလေ့အကျင့်တွေကို ပြုပြင်တဲ့နေရာမှာ ချက်ချင်းတော့ ကျွန်တော် ဖြစ်ချင်သလို မဖြစ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး သက္ကရာဇ် ၂၀၂၀ မှာ မြန်မာ နိုင်ငံကို အလယ်အလတ် အဆင့်ဝင်ငွေရရှိသော နိုင်ငံဖြစ်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရာမှာ နိုင်ငံ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်တဲ့ အတွက် ပုဂ္ဂလိက ကဏ္ဍရဲ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍပါဝင်မှုဟာ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၇၂.၈%၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ ၉၇.၂% နဲ့ ဝန်ဆောင်မှု ကဏ္ဍမှာ ၈၃% အထိ မြင့်မားလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ကဏ္ဍမှာလည်း ပုဂ္ဂလိက ပါဝင်မှုဟာ ၂၀၁၀-၂၀၁၁ မှာ ၅၃.၁၆ % သာရှိရာကနေ ၂၀၁၄-၂၀၁၅ မှာ ၆၅.၈၁ % အထိ မြင့်မားလာခဲ့ပြီ ဖြစ်ပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် စတင်ဖို့အတွက် ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော် အသီးသီးနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ တာဝန်သိမှုနဲ့ လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးတဲ့ ဒီမိုကရေစီ စနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် လက်တွဲညီညီ ကြိုးပမ်းခဲ့ကြပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကို နောက်တစ်ဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေးဖြစ်တယ် ဆိုတာကိုလည်း သတိပြု ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း လုပ်ဆောင်ချက် များဟာ ၂၀၁၅ ခုနှစ် မတိုင်မီ ငြိမ်းချမ်းရေးရရှိဖို့၊ နိုင်ငံရေးတည်ငြိမ်ဖို့၊ အားလုံးပါဝင်နိုင် တဲ့ နိုင်ငံရေး ဖြစ်စဉ် ပေါ်ပေါက်လာဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတ ပြည့်စုံလာစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲကနေ ဘယ်ပါတီပဲနိုင်နိုင် ဒီမိုကရေစီ အစ ခရီးဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်မှာရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ရရှိစေဖို့အတွက် အခြေခံကောင်းများ တည်ဆောက် ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည် တာဝန်ထမ်းဆောင်ခွင့် ရရှိရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထပ်မံ အနိုင်ရရှိရေးထက် ပိုပြီး ကျယ်ပြန့်မြင့်မားတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အကျိုးစီးပွားထက် ပိုပြီးမြင့်မားတဲ့ အမျိုးသားနိုင်ငံရေး ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက် အဓိကကျတဲ့ ရည်မှန်းချက်လည်းဖြစ်ပါတယ်။

ဒီရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထက်မှာ အစီရင်ခံ တင်ပြခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို အခက်အခဲတွေ၊ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဝိရောဓိတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ရပ်တန့် မသွားစေဖို့၊ နောက်ကြောင်းပြန် မသွားစေဖို့အတွက် ပကတိအရှိတရားနဲ့ လက်တွေ့ နိုင်ငံရေး အခြေအနေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတွင်းကနေ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာကို သဟဇာတဖြစ်အောင် ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးအရ ထိခိုက်နာကျင်မှုတွေကို မေ့ပျောက်ပြီး နိုင်ငံနဲ့ ပြည်သူများရဲ့ ရေရှည် အကျိုးစီးပွား အတွက် စိတ်ရှည်သည်းခံ ဆောင်ရွက်ခဲ့ပါတယ်။ အမိန့်အာဏာနဲ့ လုပ်ဆောင်ခြင်းထက် ပါဝင် ပတ်သက်တဲ့ Stake Holder များအကြားမှာ စိတ်တူသဘောတူ ပူးပေါင်း ဆောင်ရွက်မှုရအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ဒီကနေ့ ရောက်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ဟာ မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေ ပိုမိုပါဝင်လာပြီး မတူကွဲပြားတဲ့ သဘောထားများကို စေ့စပ် ဆွေးနွေး အဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာပြီ၊ ပြည်သူတွေ အတွင်းမှာ ဒီမိုကရေစီ ကျင့်စဉ်တွေ ပိုမိုထွန်းကားလာပြီ၊ နိုင်ငံရေးနယ်ပယ်မှာ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဆောက်အဦ ( Political Institution ) တွေ ပိုမို ခိုင်မာလာပြီဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရားပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ်မှာ ပြည်တွင်း၊ ပြည်ပက ယုံကြည်မှုတွေ ပိုမိုရရှိလာတာပဲ ဖြစ်ပါတယ်။ ဒီလိုယုံကြည်လို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး တို့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်မားလာပြီး တစ်ချိန်က မြန်မာနိုင်ငံကို အထီးကျန် ပိတ်ဆို့ ထားခဲ့တဲ့နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ခြင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ လက်ခံကျင်းပနိုင်ခြင်း၊ အာရှဒေသတွင်းနဲ့ နိုင်ငံတကာရေးရာများမှာ ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်လာနိုင်ခြင်း ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အောင်မြင်မှုများကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ကျွန်တော်တို့ အားလုံးရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်းစွာ၊ လွတ်လပ်စွာ ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးကနေ ပေါ်ပေါက်လာတဲ့ ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီက ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ကို စနစ်တကျ တာဝန်လွှဲပြောင်းနိုင်ရေးအတွက် တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက် များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီတာဝန် လွှဲပြောင်းမှုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အချိန်ကစပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲက နောက် အထွေထွေ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရနဲ့ နိုင်ငံတော် အကြီးအကဲကို တည်ငြိမ်အေးချမ်းစွာ တာဝန်လွှဲပြောင်းပေးတဲ့ ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး အနှစ်သာရပြည့်ဝပြီး အရေးကြီးတဲ့ တာဝန် လွှဲပြောင်းမှုကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေရာကနေ ထပ်မံ ကတိပြု ပြောကြားလိုပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

သက်တမ်းအလိုက် ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ်ရဲ့ အင်္ဂါရပ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများကနေ ပြည်သူများရဲ့ အဆုံးအဖြတ် အတိုင်း နိုင်ငံရေးပါတီများရဲ့ အနိုင်၊ အရှုံးဆိုတာလည်း ပေါ်ပေါက်နေမှာဖြစ်ပါတယ်။ အများစု အနိုင်ရတဲ့ပါတီများက နိုင်ငံနဲ့ ပြည်သူ အကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်သလို အနည်းစု ပါတီများကလည်း အမျိုးသား အကျိုးစီးပွား အခြေခံပေါ်ကနေ ပူးပေါင်း ဆောင်ရွက်ခြင်း၊ လိုအပ်ရင် အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဲဒီလိုပဲ နောင်အဆက်ဆက်သော ရွေးကောက်ပွဲများမှာ မိမိတို့ပါတီရဲ့ မူဝါဒများကို ပြည်သူတွေ လက်ခံ ယုံကြည်လာအောင် ဒီမိုကရေစီနည်းလမ်း တကျ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားအရ မည်သည့်ပါတီက တာဝန်ယူသည် ဖြစ်စေ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ အဲဒီတာဝန်ကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ကျွန်တော်နဲ့ အစိုးရ အဖွဲ့ဝင်အားလုံးက နောက်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း နောင်လွှတ်တော်များမှာ မပါဝင်တော့ဘူး ဆိုရင်တောင် လွှတ်တော်ပြင်ပကနေ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား -

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ အစိုးရသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း အတွင်းမှာ နိုင်ငံ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို တည်ငြိမ် အေးချမ်းစွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူစဉ် ကာလအတွင်းမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မဏ္ဍိုင်အသီးသီးမှာ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ သတင်းမီဒီယာများနှင့် ပြည်သူများအားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

နောက် ပေါ်ပေါက်လာမယ့် အစိုးရနဲ့ လွှတ်တော်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီးကို ပိုမိုအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ၊ မိဘ ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly