ရွာငံမြို့နယ် နွားဘန်းကြီးရွာမှ CDM ဆရာမ ၁ ဦး၏နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ရွာငံမြို့နယ် နွားဘန်းကြီးရွာမှ CDM ဆရာမ ၁ ဦး၏နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စန်းကျိန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ (မြောက်ရွာ) ရှိ CDM ဆရာမ ဒေါ်ဆွေဝါဝါလွင်၏နေအိမ်ကို ယမန်နေ့ ဧပြီလ ၁၂ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ မီးမရှို့ခင်တွင် ဒေါ်ဆွေဝါဝါလွင်၏အိမ်အနီးလမ်းရှိ လမ်းသွားလမ်းလာများအား ပိတ် ဆို့စစ်ဆေးခဲ့ပြီး လူရှင်းသွားသည့်အချိန်မှသာ ဓါတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တစ်အိမ် လုံး မီးလောင်ပြာကျသည့်အခါတွင်မှ မီးသတ်ကားရောက်လာပြီး မီးငြိမ်းသတ်ပေးခဲ့ကြောင်းလည်း ရွာခံ များထံမှသိရသည်။

“ ဆရာမတို့မိသားစုက အိမ်ကနေရှောင်နေတာ တစ်နှစ်နီးပါးရှိပြီ။ ပြီးခဲ့တဲ့အခေါက်တုန်းက ဆရာမတို့ အိမ်ကိုဝင်မွှေခံရတုန်းက အဖိုးတန်ပစ္စည်းတွေ၊ရွှေနဲ့ငွေတွေယူသွားကြတယ်။ အခုလည်း အိမ်မှာလူမတွေ့ လို့ မီးရှို့သွားတယ်ထင်တယ်ဗျ'' ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရွာငံမြို့နယ်မှာ စစ်ကောင်စီမှ ပိုမို အကြမ်းဖက်သောင်း ကျန်းလာနေပါတယ်။ ရွာမှာ တခြားရှောင်တိမ်းနေရတဲ့သူတွေအများကြီးရှိတယ်ဗျ။ လာရှာလို့ လူတွေကိုအိမ်မှာ မတွေ့ရင် အိမ် တွေ ကိုမီးရှိူ့ ပစ်မယ် ဆိုပြီးတော့လည်း စစ်ခွေးတွေ ကြိမ်းဝါးသွားသေးတယ်"ဟု အဆိုပါ ဒေသခံက ဆိုသည်။

နေအိမ်မီးရှို့ခံရသည့် CDM ဆရာမ ဒေါ်ဆွေဝါဝါလွင်တို့မိသားစုမှာ စုစုပေါင်းလေးဦးသာရှိပြီး ဆရာမ၏ အမျိုးသားဖြစ်သူ ကိုအေးရွှေကိုယ်တိုင်လည်း ဆန္ဒပြကာလများတွင် တက်ကြွစွာပါဝင်ခဲ့မှုကြောင့် စစ်ကောင်စီတပ်က အလိုရှိနေသူဖြစ်ကြောင်း သိရသည်။

#Mizzima

#ရှမ်းပြည်နယ်

#ရွာငံ

#CDM

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required