စစ်အာဏာသိမ်းခဲ့သည့် ကာလအတွင်း အရပ်သားပြည်သူ ၁,၇၀၀ ကျော်ကို စစ်ကောင်စီ ပစ်သတ်ခဲ့ဟု AAPP ဖော်ပြ

စစ်အာဏာသိမ်းခဲ့သည့် ကာလအတွင်း အရပ်သားပြည်သူ ၁,၇၀၀ ကျော်ကို စစ်ကောင်စီ ပစ်သတ်ခဲ့ဟု AAPP ဖော်ပြ

ဧပြီ ၁၃

စစ်ကောင်စီသည် ရွေးကောက်ခံအရပ်သားအစိုးရ(NLD)အဖွဲ့၀င်များကို ဖမ်းဆီးထောင်ချ၍ အဓမ္မအာဏာသိမ်းယူခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၁,၇၄၅ ဦးကို ပစ်သတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖော်ပြချက် အရသိရသည်။

စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ ပြည်သူများ၏ နေအိမ်များ ၊ NLD အစိုးရအဖွဲ့၏ နေအိမ်များအပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်၊အဆောက်အအုံ စုစုပေါင်း ၅၄၇ လုံးကိုလည်း ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

“ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ဧပြီ ၁၂ ရက်နေ့အထိ ၁,၇၄၅ ဦး ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုထားသည်။

ဧပြီလ ၁၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် AAPP ၏ သတင်းထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၁၈၃ ဦးရှိပြီး ၎င်းတို့အနက်မှ ၉၉၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်းကို ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများတွင် အသက် ၁၈ နှစ်အောက် ကလေး နှစ် ဦး ပါဝင်နေကာ သေဒဏ်ချမှတ်ခံထားရသူ ၅၉ ဦးရှိသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ဦး၏ အမည်စာရင်းကိုလည်း AAPP ကသီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ဦးပါဝင်ပြီး ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထား ရကြောင်းသိရသည်။

#Mizzima

#AAPPထုတ်ပြန်

#စစ်ကောင်စီ

#အဓမ္မအာဏာသိမ်း

#တစ်နှစ်ကျော်အတွင်း

#အရပ်သား၁၇၄၅ ဦးပစ်သတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly