သင်္ကြန်အကြိုနေ့တွင် ပေါက်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

သင်္ကြန်အကြိုနေ့တွင် ပေါက်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဧပြီ ၁၃

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်က ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်အစောပိုင်းက စတင်ပြီး မီးရှို့ဖျက်ဆီးနေကြောင်း ပေါက်ဒေသကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပေါက်မြို့နယ်အတွင်းက သက္ကယ်ကျင်းကျေးရွာနှင့် ယခင်မီးရှို့ခံထားရသည့် လက်ပံလှကျေးရွာရှိ လူနေအိမ်များကို အာဏာသိမ်းစစ်ကောင်စီက ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့နေခြင်းဖြစ်ကြောင်းဆိုသည်။

“ဒီမနက် ရှို့ခံရတာက အရင်ရှို့ပြီးသား လက်ပံလှရွာကို ရှို့ပါတယ်။ သက္ကယ်ကျင်းရွာကို လောလောဆယ် မီးရှို့ထားတာ ရွာလယ်ခေါင် မီးလောင်နေပါတယ်” ဟု ပေါက်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပေါက်မြို့အစွန်ဆုံးတွင် တည်ရှိသည့် သက္ကယ်ကျင်း ကျေးရွာတွင် လူနေအိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ရွာထဲမီးလောင်နေဆဲ ဖြစ်သည့်အတွက် အိမ်မီးလောင်မှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လက်ပံလှကျေးရွာ မီးရှို့ခံရမှုတွင် အိမ်ခြေ ၅၀ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးမလောင်ခဲ့သည့် ကျန်နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့တွင် ထပ်မံမီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သရက်မြို့ရှိ အမှတ် (၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) မှ ပေါက်မြို့ရှိ အမှတ် (၂၄) ကပစ သို့ အဝေးပစ်RPG ကုန်ကြမ်းပစ္စည်းများ သယ်ဆောင်လာသော ၂၂ ဘီးကား သုံးစီးအား ပေါက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပေါက်-ဆိပ်ဖြူလမ်းမပေါ်တွင် ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။

လက်နက်နှင့်အတူ ဖမ်းမိသည့် စစ်ကောင်စီတပ်က ဗိုလ်အရာရှိ အပါအဝင် ခုနစ်ဦးကို ပေါက် PDF က ထိန်းသိမ်းထားစဉ် စစ်ကြောင်းဝင်ရောက်လာချိန်တွင် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် ဧပြီလ ၇ ရက်နေ့က စတင်ကာ အင်အား ၁၅၀ ဝန်းကျင် ပါဝင်သော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းက ပေါက်မြို့နယ်သို့ ဝင်ရောက်လာပြီးနောက် ရွာစဉ်တစ်လျှောက် လူနေအိမ်များကို မီးတင်ရှို့နေခြင်း ဖြစ်သည်။

“နယ်မြေရှင်းလင်း ကားနှစ်စီးနဲ့ ဗိုလ်အပါအဝင် ခုနစ်ဦး ကိစ္စကြောင့် မကျေနပ်လို့ စစ်ကြောင်းထိုးတာပါ။ ။ ခြေလျင်ဝင်လာတာပါ။ ခုစစ်ကြောင်းက အခုကျေးရွာအပါအဝင် တောင်ပိုင်းမှာ တစ်ပတ်အတွင်း ရွာမီးရှို့တာ ၁၅ ရွာထက်မနည်းရှိပါတယ်။ လမ်းတစ်လျှောက် အရပ်သားတွေကို ပစ်သတ်တာ ၁၀ ဦး ထက်မနည်း ရှိပါတယ်။ လက်နက်ကြီးထိတာ အနည်းဆုံး ခုနစ်ဦး ရှိပါတယ်” ဟု ပေါက် PDF တာဝန်ရှိသူက ပြောသည်။

ထိုသို့ တစ်ရွာဝင်၊ တစ်ရွာထွက် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိမှာ ကျေးရွာမီးရှို့ခံနေရသော ဒေသခံများသည် နီးစပ်ရာ တောထဲကို ရွာလုံးကျွတ်ထွက်ပြေးနေကြရပြီး အကူညီများစွာ လိုအပ်နေကြကြောင်း သိရသည်။

#မကွေးတိုင်း

#ပေါက်မြို့နယ်

#သက္ကယ်ကျင်းကျေးရွာ

#လက်ပံလှကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required