ကလေးမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဖွဲ့ပြောကြား

ကလေးမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဖွဲ့ပြောကြား

ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ များထံမှ သိရသည်။

“စစ်ကောင်စီတပ်တွေက နတ်ချောင်းရွာထဲက အိမ်တွေကို မီးရှို့နေတုန်း ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ က ဝင်တိုက်ခိုက်ခဲ့ကြတာ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူမှ မဇ္စျိမ ကိုပြောသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် နတ်ချောင်းရွာအတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ခန့်အား နတ်ချောင်းဈေးတန်းနှင့် ပညာဗိဗ္မာန်လမ်းကြားတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်းသိရသည်။

နတ်ချောင်းကျေးရွာတွင် လူများနေထိုင်ခြင်းမရှိသော်လည်း ယမန်နေ့တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သားများအထိနာခဲ့သဖြင့် ယခုကဲ့သို့ ပြည်သူများ၏နေအိမ်များအား မီးရှို့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

ယင်းတိုက်ပွဲအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ)CDF – KKG ၊ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (ကလေး) PDF – Kalay နှင့် ပ.က.ဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး CNDF မှ ရဲဘော် နှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး နောက်တစ်ဦးမှာလည်း ဒဏ်ရာပြင်းထန် ကြောင်းသိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကြီးအောင်ရွာမှ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းနှင့် စစ်ကောင်စီ၏ ခြေလျင်တပ်အင်အား ၁၄၀ ခန့်အား ခွေကျိန်ရွာအထွက် တံတားအနီးတွင် ချုံခို၍ကြားဖြတ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် ချောင်းခွရွာထဲသို့ရောက်ရှိပြီး နေအိမ်များဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူ၍ နေအိမ်များမီးရှို့ဖျက်ဆီးနေစဉ်တွင် ချောင်းခွနှင့် နတ်ချောင်းရွာအကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအား CNDF နှင့်အတူ CDF – KKG တပ်ရင်း ၃ က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ အထိ အခိုက်မရှိကြောင်းဖော်ပြထားသည်။

ယအခုအကြိမ် နတ်ချောင်းကျေးရွာအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀၀ မှ ၁၅၀ အတွင်း ပျက်စီးဆုံးရှုံးနိုင်ပြီး အသေးစိတ်စာရင်းအချက်အလက်များ ပြုစုလျက်ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် လတ်တလော စစ်ရေးတင်းမာမှုအခြေအနေများအရ ကလေး - ဂန့်ဂေါ လမ်းမကြီးအား ဧပြီလ ၉ ရက်မှ ရက်သတ္တပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် Kalay – PDF က သတိပေး မေတ္တာရပ်ခံထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#CNDF

#Kalay–PDF

#တိုက်ပွဲဖြစ်ပွား

#လူနေအိမ်မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly