ရုရှက ဓာတုလက်နက် သုံးလာနိုင်ဟု ယူကရိန်း သမ္မတ  သတိပေး 

ရုရှက ဓာတုလက်နက် သုံးလာနိုင်ဟု ယူကရိန်း သမ္မတ  သတိပေး 

ဧပြီ ၁၂

ယူကရိန်းတွင် ရုရှက ဓာတုလက်နက် သုံးလာနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့တွင် ပြောပြီး ထိုသို့သော လက်နက်များ သုံးစွဲရန် ပြောဆိုခြင်းကိုပင် ဟန့်တားနိုင်အောင် အနောက်အုပ်စုအနေဖြင့် ရုရှအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်  တောင်းဆိုလိုက်သည်။ 

ဝိုင်းရံခံ ယူကရိန်း တောင်ပိုင်းဆိပ်ကမ်း မာရီယူပိုမြို့တွင် ဓာတုလက်နက်များ သုံးစွဲခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းများက တနင်္လာနေ့၌ ဖော်ပြသည်။ 

“ဒီကိစ္စကို ကျွန်တော်တို့ အစွမ်းကုန် အလေးအနက်ထားပြီး ဆောင်ရွက်နေတယ်”ဟု တနင်္လာနေ့က ညပိုင်း ဗီဒီယိုမိန့်ခွန်းတွင် ဇယ်လန်းစကီးက ပြောသည်။ ရုရှတို့က ဓာတုလက်နက် သုံးစွဲထားပြီးဖြစ်သည်ဟူ၍တော့ ၎င်းက မပြောပေ။ 

“ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် သတိပေးလိုတယ်၊ ရုရှစစ်တပ်က ဖြစ်နိုင်တဲ့ ဓာတုလက်နက် သုံးစွဲမှုကို ဆွေးနွေးထားပြီး ဖြစ်တယ်၊ အခုချိန်ဟာ ရုရှရဲ့ ကျူးကျော်မှုကို ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။   

ဓာတုလက်နက် တိုက်ခိုက်မှုဖြစ်သည်ဆိုသော သတင်းကို အတည်မပြုနိုင်ကြောင်းနှင့် နောက်ပိုင်းတွင် ပို၍ အသေးစိတ်ကျပြီး ရှင်းလင်းဖော်ပြနိုင်ရန် မျှော်လင့်ကြောင်း မာရီယူပိုမြို့တော်ဝန်၏ လက်ထောက်အကူ ပီထရို အန်ဒရိုင်းယုရှချန်ကိုက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ 

အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်အနေဖြင့် သတိထားနေကြောင်း ပင်တဂွန် ပြန်ကြားရေးအတွင်းဝန် ဂျွန် ကာဘီက ပြောသည်။ 

“ခုချိန်မှာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါ၊ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားပါ့မယ်”ဟု ကာဘီက ဆိုသည်။ “ဒီသတင်းသာ အမှန်ဆိုရင်တော့ အတော်လေး စိုးရိမ်ပူပန်စရာပါပဲ”ဟု ၎င်းက ပြောသည်။ 

ထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာ နေရပ်ရွှေ့ပြောင်းရသည့် ရုရှ၏ ကျူးကျော်စစ်သည် မြို့တော်ကိယက်ဗ်အား တိုက်ခိုက်နေမှုများမှ ယူကရိန်းအရှေ့ပိုင်းသို့ ထိုးစစ်ရွှေ့ခဲ့ပြီး ယင်းအရှေ့ပိုင်းတွင် ကြီးမားသော တိုက်ခိုက်မှုများ ဖြစ်လာမည်ဟု မှန်းဆထားသည်။ ရုရှအပေါ် ပို၍ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရွေးချယ်ထားသည်ဟု ဥရောပသမဂ္ဂက တနင်္လာနေ့တွင် ပြောသည်။ 

“ရုရှဘက်ကနေ ဖျက်အားကြီးတဲ့ လက်နက်တွေအကြောင်း ပြောဆိုတဲ့ စကားလုံး တစ်လုံးတစ်လေတောင် ထွက်မလာအောင် လုပ်ဆောင်ရမယ့် အချိန်ပါပဲ”ဟု ဇယ်လန်းကီးက ပြောသည်။ “ရုရှအပေါ် ရေနံကုန်သွယ်မှု ပိတ်ပင်တာက အသင့်တော်ဆုံးပါ၊ ရေနံအပေါ် သက်ရောက်မှုမရှိတဲ့ ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ရုရှအနေနဲ့ အပြုံးမပျက် လက်ခံသွားနိုင်လိမ့်မယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required