စစ်ကောင်စီတပ်က လေးကေ့ကော် မြို့သစ်ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ

စစ်ကောင်စီတပ်က လေးကေ့ကော် မြို့သစ်ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ

ဧပြီ ၁၁

ကရင်ပြည်နယ် ၊ မြဝတီခရိုင် လေးကေ့ကော် မြို့သစ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် တိုက်လေယာဉ်များဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံက သိရသည်။

စစ်ကောင်စီ တပ်က ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၆ နာရီ အထိ တိုက်လေယာဉ် နှစ်စီးဖြင့် ၂၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် ထပ်မံ လာရောက် ဗုံးကြဲခြင်း ဖြစ်သည်။

ဗုံကြဲ တိုက်ခိုက်မှုကြောင့် လေးကေ့ကော် မြို့သစ် ဒေသခံ နေအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့ပြီး အိမ် ငါးလုံး မီးလောင်ခဲ့သည်ဟု ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

“ ညတုန်းက ထပ်လာပစ်တာဗျ။ တိုက်လေယာဉ်တွေ နဲ့ပဲ။ အပျက်အစီး များတယ်။ လူတော့ ထိခိုက်တာ မရှိဘူး။ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲဗျ။ ကျွန်တော်တို့ ဘေးကို ကျော်ကျလို့ မနေ့က သူတို့စစ်ကြောင်း အတော် ထိသွားတယ်လေ။ အဲ့ဒါကြောင့် အခဲမ​ကျေလို့ လာပစ်နေတာ။ သူတို့ပစ်တဲ့ ပုံက တမင်ကို လေးကေ့ကော်မြို့သစ်ကို ဖျက်ဆီးချင်တဲ့ သဘောပုံစံ၊ အိမ်တွေကိုပဲ ပစ်ချသွားတာ ” ဟု ရှေ့တန်းရောက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ၊ ခမရ (၂၀၇) တပ်ရင်းမှူး သက်နိုင်ဦး ဦးစီးသော အင်အား ၄၅ ဦးပါ စစ်ကြောင်း (၁) သည် ယမန်နေ့ ဧပြီလ ၁၀ ရက် နံနက် ၂ နာရီမှ စတင်ပြီး လေးကေ့ကော် မြို့သစ်ကို ထိုးစစ် ဆင်ခြင်းကြောင့် KNLA အဖွဲ့နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ (၂၀၇) တပ်ခွဲမှူး ဗိုလ်ကြီး တင်လင်းနိုင်ကို KNLA တပ်က အရှင် ဖမ်းဆီး ရမိပြီး စစ်ကောင်စီ အလောင်း ၁၂ လောင်းနှင့် လက်နက် ကိုးလက် အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း KNLA က ထုတ်ပြန်ထားသည်။

#Mizzima

#လေးကေ့ကော်

#တိုက်လေယာဉ်

#ဗုံးကြဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required