အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်များကို သက်သေခံကတ်ပြားများ စတင်ထုတ်ပေး

အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်များကို သက်သေခံကတ်ပြားများ စတင်ထုတ်ပေး

ဧပြီ ၁၁

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာဒုက္ခသည်များကို သက်သေခံကတ်ပြားများ ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း PTI က ဖော်ပြသည်။ အဆိုပါ မြန်မာဒုက္ခသည်များသည် ၂၀၂၁ ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအရှေ့မြောက်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံနေကြသူများ ဖြစ်သည်။

ယခု သက်သေခံကတ်ပြားများသည် မီဇိုရမ်ပြည်နယ်ထဲ၌သာ တရားဝင်မည် ဖြစ်ပြီး ဒုက္ခသည်များကို မည်သူမည်ဝါဖြစ်ကြောင်း ချောမွေ့စွာ ခွဲခြားရွေးထုတ်နိုင်လိမ့်မည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ပြည်ထဲရေးဌာန အရာရှိတစ်ဦးက PTI ကို ပြောသည်။ ထို့ပြင် ယင်းကတ်ပြားများက ဒုက္ခသည်များ ပြည်နယ်၏ မဲဆန္ဒရှင်စာရင်း၌ ၎င်းတို့၏ အမည်များစာရင်းသွင်းခြင်းကနေ တားဆီးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကတ်ကိုင်ဆောင်သူသည် ‘လူသားချင်းစာနာမှု အကြောင်းတရားများ’ ကြောင့် အရှေ့မြောက်ပြည်နယ်တွင် ခိုလှုံနေသည် ဆိုပြီး သက်သေခံကတ်ပြားတွင် ဖော်ပြထားမည် ဖြစ်ကြောင်း PTI က ဖော်ပြသည်။

ပြည်နယ်အစိုးရအနေဖြင့် ဒုက္ခသည် ၁၆,၀၀၀ နီးပါးကို သက်သေခံကတ်ပြားများ ထုတ်ပေးသည့် လုပ်ငန်းစဉ် စတင်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က မီဇိုရမ်ပြည်နယ် ပြည်ထဲရေးအတွင်းဝန် ဗန်လယ်အန်ဂိုင်ဆာကာက ပြောခဲ့သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ယင်းလုပ်ဆောင်မှုက နှေးကွေးခဲ့သည်ဟု ၎င်းက ပြောသည်။

Serchhip ခရိုင်မှ အာဏာပိုင်များက ဖေဖေါ်ဝါရီလတွင် ကတ်များကို စတင်ထုတ်ပေးနေခဲ့သလို Hnahthial တွင်လည်း ဧပြီ ၇ ရက်က ကတ်ပြား ၁,၁၁၀ ကို ထုတ်ပေးထားခဲ့ကြောင်း PTI က ဖော်ပြသည်။ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသည့် Lawngtlai တွင်လည်း လက်ရှိအချိန်အထိ ကတ်ပြား ၄,၇၉၄ ကတ် ထုတ်ပေးထားပြီးဖြစ်သည်။

Aizawl တွင်လည်း သက်သေခံကတ်ပြားထုတ်ပေးမှု လုပ်ငန်းစဉ်ကို ယခုသီတင်းပတ်ထဲ စတင်မည်ဖြစ်ကြောင်း ဒုတိယကော်မရှင်နာ လယ်ဟ်ရီအာဇူအလီ ရယ်လ်တီက ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနှင့် ကီလိုမီတာ ၅၁၀ နယ်စပ်ချင်း ထိစပ်နေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဒုက္ခသည် ၈,၄၀၀ ကျော် နယ်စပ်ဖြတ်ကာ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခဲ့သည်ဟု ဩဂုတ်လက အိန္ဒိယဗဟိုအစိုးရက အထက်လွှတ်တော်ကို ပြောသည်။ ၎င်းတို့အနက် ၅,၇၉၆ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ထားကြောင်း ဗဟိုအစိုးရက ပြောသည်။

သို့သော် မီဇိုရမ်ပြည်နယ်မှ အာဏာပိုင်များ ထုတ်ဖော်သည့် မြန်မာဒုက္ခသည်ဦးရေသည် ယင်းထက် သိသိသာသာ ပိုများနေသည်။ မြန်မာဒုက္ခသည် ၉,၂၄၇ ဦး မီဇိုရမ်တွင် ခိုလှုံနေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် ပြောခဲ့သည်။ ၎င်းတို့ထဲတွင် လွှတ်တော်အမတ် ၂၀ ကျော်လည်း ပါဝင်ကြောင်း ရဲတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required