ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ သရုပ်ဆောင် ခိုင်မြတ်သဇင်

ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ သရုပ်ဆောင် ခိုင်မြတ်သဇင်

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ။         ။ ရုပ်ရှင် ဇာတ်ကားကြီး ၂ကား၊ ဗီဒီယို ဇာတ်ကား ၃ကား ရိုက်ကူးထားသော်လည်း လက်ရှိတွင် ဗီဒီယို ဇာတ်ကားများက ပရိသတ် လက်ထဲ မထွက်လာသေးတာကြောင့် ပရိသတ် သိရှိမှုနည်းနေမှာ ကြောက်နေသည့် သရုပ်ဆောင် တစ်ဦး ရှိနေပါသည်။

သူကတော့ ၁၀တန်း ကျောင်းသူလေး ခိုင်မြတ်သဇင်ပဲ ဖြစ်သည်။ ၎င်းအနေဖြင့် လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားကြီး ၂ကား၊ ဗီဒီယိုဇာတ်ကား ၃ကား ရိုက်ကူးထားပြီး သူမ ပါဝင် သရုပ်ဆောင်ထားသည့် လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့ လူမိုက် ရုပ်ရှင်  ဇာတ်ကားက မကြာမီ ရုပ်ရှင်ပြသတော့မည် ဖြစ်သည့်အတွက် ရင်ခုန် စိတ်လှုပ်ရှားနေသူ တစ်ဦးလည်း ဖြစ်သည်။

လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့ လူမိုက် ရုပ်ရှင်ဇာတ်ကားသည် ဇာတ်လမ်း ယုန်လေး၊ ဇာတ်ညွှန်း ကိုဇော်နိုင်ဦးဖြစ်ပြီး ဒါရိုက်တာ သည်ခေတ်နေမှ ရိုက်ကူး ပုံဖော်ထားသည်။ သရုပ်ဆောင်များအဖြစ် ယုန်လေး၊ နန္ဒ၊ ကြက်ဖ၊ ယုသန္တာတင်၊ ခိုင်မြတ်သဇင်တို့က ပါဝင် သရုပ်ဆောင်ထားကြသည်။

၎င်း၏ မိဘပိုင်ဆိုင်သည့် ကိုယ်ပိုင် ထုတ်လုပ်ရေးဖြင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသော်လည်း ကိုယ်ပိုင် ထုတ်လုပ်ရေးကို မှီပြီး အနုပညာ လောကထဲ ဝင်ရောက်လာသည်ဟု အပြောမခံချင်ဘဲ ၎င်း၏ အရည်းအချင်းဖြင့်သာ ကြိုးစားချင်ကြောင်း ခိုင်မြတ်သဇင်က ဆိုသည်။

လက်ရှိ ၁၀တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူ တစ်ဦးလည်း ဖြစ်သည့်အတွက် ကျောင်းစာ နှင့် အနုပညာကို မျှတစွာ လုပ်ကိုင်ပုံ၊ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမှု အခက်အခဲ၊ အနုပညာ လမ်းကြောင်းအပေါ် ဘယ်လို လျှောက်လှမ်းသွားမည် ဆိုတာနှင့် ပတ်သက်ပြီး မဇ္ဈိမက သွားရောက်တွေ့ဆုံ မေးမြန်းထားသည်။

မေး - ပထမဆုံး အနုပညာနဲ့ ပတ်သက်ပြီး စလုပ်ဖြစ်ပုံလေး ပြောပေးပါ။

ဖြေ - မရတနာမိုင်က သူ့ရဲ့ သီချင်းခွေမှာ သရုပ်ဆောင်ပေးလို့ ခေါ်တဲ့အတွက် အဲဒီကနေ တဖြည်းဖြည်း စလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါ ပြီးတော့ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့ လူမိုက် ရုပ်ရှင်ဇာတ်ကားကြီး စရိုက် ဖြစ်ခဲ့တာပါ။ အခုတော့ ဗီဒီယို ၃ကား ရုပ်ရှင် ဇာတ်ကားကြီး ၂ကား ရိုက်ကူး ပြီးသွားပါပြီ။

မေး - ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ရာမှာ အခက်အခဲတွေ ရှိခဲ့ရင်လဲ ပြောပြပေးပါဦး။

ဖြေ - အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ အတွေ့အကြုံလည်း မရှိသေးတော့ အခက်အခဲတွေ အများကြီး ကြုံပါတယ်။ ရိုက်ရတာလည်း သိပ်အဆင်မပြေဘူး၊ ကင်မရာ ကြည့်တဲ့ အခါမှာလည်း အခက်အခဲဖြစ်တယ်။ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်တော့ ရိုက်ခဲ့ပါတယ်။  

မေး - လက်ရှိ ရိုက်ကူးထားတဲ့ ဇာတ်ကား ငါးကားရဲ့ အမည်လေးတွေ ပြောပြပေးပါဦး။

ဖြေ - ဗီဒီယို ဇာတ်ကား ၃ကားက ရွှီးရွှေ့ရှောင်ရှင်း၊ ကောင်းကင်ယောင်ဆောင်တဲ့တိမ်တိုက်၊ ပြန်ပေးအချစ် အချစ်ပြန်ပေး နဲ့ ရုပ်ရှင် ဇာတ်ကားကြီး ၂ကား ကတော့ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူမိုက်နဲ့ အလီဘာဘာ နှင့် ခိုးသား ငါးယောက် ဇာတ်ကားပါ။

မေး - လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူမိုက်က ရုံတင်တော့မှာလား။ အဲဒီ့ကားက ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးဆိုတော့ ရင်ခုန်မှုလေးလည်း ပြောပြပေးပါဦး။

ဖြေ - အဲဒီကားက ၂၀၁၆ ထဲမှာ ရုံတင်မယ်လို့ ပြောပေမယ့် ရက်တော့ သေချာမသိရသေးပါဘူး။ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတွက် ရင်ခုန်နေပါတယ်။ အဲဒီကားလေး ရုံတင်ရင် သမီးကိုလည်း ပရိသတ်တွေ ပိုသိ သွားမယ်လို့ထင်ပါတယ်။

မေး - ညီမလေးကို ပရိသတ်က သိပ်မသိသေးသလိုပဲနော်။ ဇာတ်ကားတွေ မထွက်သေးတာကြောင့်လား။ ဘာ့ကြောင့် ဖြစ်မလဲ။

ဖြေ- ဇာတ်ကား ၅ကား ရိုက်ထားပေမယ့် မထွက်သေးတော့ ပရိသတ်တွေက သိပ်မသိတဲ့အတွက် နာမည်လည်း သိပ်ထွက် မလာသေးဘူး။ ဗီဒီယို ဇာတ်ကားကားလေးတွေရယ် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင်တော့ ပရိသတ်က သတိထားမိမယ်လို့ ထင်ပါတယ်။

မေး - ဇာတ်ကားတွေကကော ပရိသတ်ဆီ ဘယ်တော့ ထွက်လာမှာလဲ။

ဖြေ - အခု သမီး စာမေးပွဲ ဖြေနေတဲ့အချိန် ၃လပိုင်းလောက်တော့ ထွက်လာမှာပါ။ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့ လူမိုက် ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီနှစ်ထဲ ရုံတင်မယ်ဆိုတော့ ဇာတ်ကားတွေလည်း မကြာခင် ထွက်လာတော့မှာပါ။

မေး - အနုပညာ လောကထဲ ဝင်ရောက်ဖို့က ခက်ခဲသလို ညီမအတွက်ကျတော့ ကိုယ်ပိုင် ထုတ်လုပ်ရေးရှိတော့ အနုပညာ လောကထဲ ဝင်ရောက်တဲ့ အခါ ပိုပြီးလွယ်ကူမှုရှိလား။

ဖြေ - အနုပညာကို ဝါသနာပါတယ် အနုပညာ လောကထဲဝင်ဖို့ ဆိုတာလည်း တော်တော် ခက်ခဲပါတယ်။ ကိုယ်ပိုင် ထုတ်လုပ်ရေး ရှိပေမယ့် အရည်အချင်းမရှိပဲ ကိုယ့်ထုတ်လုပ်ရေးကို မှီပြီး တက်လာတယ်လို့ အပြောမခံချင်ပါဘူး။ ထုပ်လုပ်ရေး ရှိတာက ရှိတာပဲ ကိုယ်လုပ်ရမှာက လုပ်ရမှာပဲ သူ့အကန့်နဲ့ သူပေါ့။

မေး - မကြာခင် ၁၀တန်း စာမေးပွဲလည်း ဖြေရတော့မှာဆိုတော့ ပညာရေး နဲ့ အနုပညာ တွဲလုပ်နေရတာ ပိုပြီး အခက်အခဲ ကြုံရတာရှိလား။

ဖြေ - ကျောင်းပညာ နဲ့ အနုပညာ အလုပ် တွဲလုပ်ရတဲ့ အခါ အခက်အခဲတော့ ရှိပါတယ်။ ညီမက အနုပညာ နဲ့ တွေ့လိုက် ခဏ ပျောက်လိုက် ဖြစ်နေတော့ ပရိသတ်ကလည်း သိပ်မသိသေးဘူး။ အဲလို ပေါ်လိုက် ပျောက်လိုက်ဆိုရင် ရေရှည် ရပ်တည်ဖို့ကျ မဖြစ်ဘူး ထင်ပါတယ်။ အဲဒါကြောင့် ၁၀တန်း စာမေးပွဲ ပြီးသွားရင် အနုပညာတွေကို ဇောက်ချလုပ်သွားမှာပါ။ အခုတော့ ၁၀တန်းစာမေးပွဲ ဖြေဖို့အတွက် ကျောင်းစာဘက်ကိုပဲ လုပ်နေပါတယ်။

မေး - ညီမလေးကို အားပေးတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်သေးလဲ။

ဖြေ - ဇာတ်ကားလေးတွေ ထွက်လာရင် သမီးကို အားပေး စေချင်ပါတယ်။ ဇာတ်ကားလေးတွေ ကြည့်ပြီး ဝေဖန်ပေးပါ။ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ လိုက်လဲဆိုတာ ပရိသတ်ကြီးက ကြည့်ပြီး ဝေဖန်ပေးမှ သမီးနဲ့ လိုက်မယ့် ကာရိုက်တာတွေကို ရွေးလို့ရမှာပါ။ ပရိသတ်ကြီး သမီးကို အားပေးပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly