စစ်​ကောင်စီ၏ ဘတ်ဂျတ်သုံးစွဲမှု ကာကွယ်ရေးတွင် ကျပ်ဘီလီယံ ၃၀၀ ခန့်တိုးမြှင့်ပြီး ပညာ​ရေးတွင် ကျပ်ဘီလီယံ ၇၀၀ ကျော်​လျော့ချ

စစ်​ကောင်စီ၏ ဘတ်ဂျတ်သုံးစွဲမှု ကာကွယ်ရေးတွင် ကျပ်ဘီလီယံ ၃၀၀ ခန့်တိုးမြှင့်ပြီး ပညာ​ရေးတွင် ကျပ်ဘီလီယံ ၇၀၀ ကျော်​လျော့ချ

ဧပြီ ၁၀

လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် စစ်​ကောင်စီ၏ ဘတ်ဂျတ်သုံးစွဲမှုမှာ အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်သုံးစွဲမှုနှင့် နှိုင်းယှဥ်ပါက ကာကွယ်​ရေးတွင် ကျပ်ဘီလီယံ ၃၀၀ခန့်တိုးမြှင့် သုံးစွဲထားပြီး ပညာ​ရေးတွင် ကျပ်ဘီလီယံ ၇၀၀ ကျော် ​​လျော့ချသုံးစွဲထားသည်ကို ​တွေ့ရသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ်လ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးသော ဘတ်ဂျက်အရ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၃၇၀၀ကျော်၊ ပညာရေးအတွက် ကျပ်ဘီလီယံ ၂၁၀၀ကျော်၊ ကျန်းမာရေးအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်ဖြစ်သည်။

NLDအစိုးရလက်ထက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက်ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၃၄၀၀ကျော်၊ ပညာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၂၈၀၀ကျော်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁၄၀၀​ ကျော် ဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားစွာခံနေရသော နိုင်ငံတွင် စစ်ကောင်စီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၆၀၀ ကျော်ခွင့်ပြုထားရာ NLD လက်ထက်ကထက် သိသိသာသာတိုးလာခြင်းမရှိသလို ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း ကျပ်ဘီလီယံ ၅၀၀ ကျော်နှင့်ဆင်ဆင်တူသည်။

စစ်ကောင်စီဘတ်ဂျက်တွင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၄၀၀၀ကျော်ဖြင့် ဘတ်ဂျတ် အများဆုံး ရရှိထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအများဆုံးဖြစ်သည်။ 

စစ်​တပ်က အာဏာသိမ်းပြီး ဘဏ္ဍာ​ရေးနှစ်သတ်မှတ်ချက်ကာလ ပြန်ပြင်ခဲ့ရာတွင်လည်း ၂၀၂၁​အောက် တိုဘာမှ ၂၀၂၂ မတ်လအထိ ​ခြောက်လတာ ကြားကာလဘတ်ဂျက်တွင် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် သုံး​ငွေစုစု​ပေါင်း ကျပ်ဘီလီယံ ၉၀၀၀ကျော် သုံးစွဲခဲ့​သေးသည်။

#Mizzima

#ဘတ်ဂျတ်သုံးစွဲမှု

#လျှပ်စစ်မီးပြတ်တောက်မှု

#ဝန်ကြီးဌာန

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required