ထားဝယ်ခရိုင်တွင် တနင်္သာရီဂျာနယ် ဆောင်းပါးရှင် ကိုအောင်လွင် အပါအဝင် လူ ၁၂ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
10 April 2022
ထားဝယ်ခရိုင်တွင် တနင်္သာရီဂျာနယ် ဆောင်းပါးရှင် ကိုအောင်လွင် အပါအဝင် လူ ၁၂ ဦး ဖမ်းဆီးခံရ

ဧပြီ ၁၀

ထားဝယ်ခရိုင်တွင် တစ်ပတ်အတွင်း တနင်္သာရီဂျာနယ် ဆောင်းပါးရှင် ကိုအောင်လွင် (ကံပေါက်သား) အပါဝင် လူ ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သတင်း အရင်းမြစ် များထံမှ သိရ သည်။

ဧပြီလ ၄ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်က ထားဝယ်မြို့၊ လောင်းလုံးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်နှင့် နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီး ခဲ့သည်ဟု ဖမ်းဆီးခံ မိသားစုနှင့် နီးစပ်သူများ ထံမှ သိရ သည်။

ကိုအောင်လွင် သည် ကံပေါက်သား ကလောင် အမည်ဖြင့် တနင်္သာရီ ဂျာနယ်တွင် ဆောင်းပါးများ ရေးသား နေသူ ဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် ရွာတစ်ရွာတွင် နေထိုင်လျက်ရှိရာမှ ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီက ထားဝယ်မြို့ ကမြောကင်း တံတား စစ်ဆေးရေးဂိတ်ကို ကားဖြင့် ဖြတ်မောင်းစဉ် ၎င်းအပါဝင် အမျိုးသား သုံးဦး ဖမ်းဆီး ခံခဲ့ရကြောင်း ဒေသခံ သတင်း အရင်းမြစ်က ပြောသည်။

ထို့အပြင် ထားဝယ်မြို့ ဗျောတောဝ စစ်ဆေးရေး ဂိတ်တွင် ဧပြီလ ၆ ရက်နေ့က အမျိုးသား တစ်ဦး၊ ဧပြီလ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာနှင့် လောင်းလုံး ရွာတို့တွင် နေထိုင်သော အမျိုးသား လေးဦးကို နေအိမ်၌ ဝင်ရောက် ဖမ်းဆီး ခဲ့ကာ ညင်းမော်ရွာရှိ ဓာတ်ဆီဆိုင် ပိုင်ရှင် အမျိုးသား တစ်ဦးကို ဧပြီလ ၉ ရက်နေ့က နေအိမ်တွင် ဖမ်းဆီး ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အလားတူ မေတ္တာမြို့နယ် ကျောက်မဲတောင်ရွာ လမ်းဆုံ၌ ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဓာတ်ဆီဆိုင် ပိုင်ရှင် လင်မယား နှစ်ဦးနှင့် တူဖြစ်သူ CDM ရဲဝန်ထမ်း တစ်ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

#Mizzima

#ထားဝယ်ခရိုင်

#တနင်္သာရီဂျာနယ်

#ကမြောကင်းတံတား

#ဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly