NLD ရုံးမြေနေရာချထားမှုသည် မိမိလုပ်ကိုင်၍ရသည့် ကိစ္စမဟုတ်သည့်အတွက် အဂတိလိုက်စားခြင်း မရှိသည်မှာပေါ်လွင်ကြောင်း ဒေါက်တာဇော်မြင့်မောင် ချေပ

NLD ရုံးမြေနေရာချထားမှုသည် မိမိလုပ်ကိုင်၍ရသည့် ကိစ္စမဟုတ်သည့်အတွက် အဂတိလိုက်စားခြင်း မရှိသည်မှာပေါ်လွင်ကြောင်း ဒေါက်တာဇော်မြင့်မောင် ချေပ

ဧပြီ ၉

ပြင်ဦးလွင်နှင့်မြင်းခြံမြို့တို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံး မြေနေရာချထားမှုများသည် မိမိ လုပ်ကိုင်ခွင့်ရသည့်ကိစ္စမဟုတ်သည့်အတွက် အဂတိလိုက်စားခြင်းမရှိသည်မှာပေါ်လွင်ကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကချေပထွက်ဆိုခဲ့သည်ဟု အိုးဘိုထောင်တွင်း သတင်းအရင်း အမြစ်က ယနေ့ ဧပြီ ၉ ရက်တွင် မဇ္စျိမ ကိုပြောသည်။

ယမန်နေ့ ဧပြီ ၈ ရက်က မန္တလေးအိုးဘို အကျဉ်းထောင်တွင်း အထူးတရားရုံး၌ ယင်းအမှု နှစ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ဒေါက်တာဇော်မြင့်မောင်ကိုစစ်ဆေးခဲ့ရာတွင် ဝန်ကြီးချုပ်က တရားခွင်အတွင်း ယင်းသို့ ချေပ လျှောက်လဲခဲ့ခြင်း ဖြစ်သည်။

“ဒီရုံးမြေနေရာချထားမှုမှာ သူ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ဘာအဂတိမှုမှ မမြောက်ဘူး။ ဒီမြေနေရာ ချထားရေးအဖွဲ့က သီးခြားရှိတယ်။ မြေနေရာ တန်ဖိုးဖြတ်တာကလည်း သူနဲ့မဆိုင်ဘူး။ တန်ဖိုးဖြတ်ရတဲ့ အဖွဲ့ရှိတယ်။ ဒါကြောင့် သူနဲ့ ဒီအမှု မသက်ဆိုင်ဘူးလို့ ငြင်းဆိုလိုက်တယ်” ဟု သတင်းအင်းအမြစ်က ရှင်းပြသည်။

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်ကို စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့် ဖွံ့ဖြိုးသစ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်တို့နှင့်ပတ်သက်၍ စွပ်စွဲထားသော အဂတိအမှုသုံးမှု ဖြစ်သည့် ရာကြီးမှု အမှတ်(၆)၊ (၇)၊ (၈) အမှု တို့အတွက် ဧပြီ ၁၉ ရက်နေ့တွင် တရားခံပြသက်သေများ စတင် စစ်ဆေးသွား မည်ဖြစ်သည်။

NLD ရုံးမြေနေရာချထားမှုတွင် အဂတိလိုက်စားသည်ဟုစွပ်စွဲထားသော အဂတိအမှု နှစ်မှုဖြစ်သည့် ရာကြီးမှု အမှတ်(၉)နှင့်(၁၀)အတွက် ဧပြီ ၂၂ ရက်တွင် တရားခံပြသက်သေများကို စစ်ဆေးသွား မည်ဖြစ်သည်။

ယင်းအဂတိအမှု ငါးမှုကို တစ်ပြိုင်နက် အပြီးသတ်အမိန့်ချနိုင်ရန် တရားခံပြသက်သေများကို အမြန် စစ်ဆေးလျှက်ရှိပြီး မေလနောက်ဆုံးပတ်အတွင်း အမိန့်ချမှတ်နိုင်ရန်လျာထားသည်ဟုဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အား နောက်ထပ်စွပ်စွဲထားသော မဲမသမာမှု ပြုလုပ်သည်ဆိုသော အမှု နှစ်မှု အတွက် ဧပြီ ၂၀ ရက်တွင် တရားခံပြသက်သေများကို စစ်ဆေးရန်လည်း ရှိနေသည်။

အသက် ၇၀ ကျော်အရွယ် သွေးကင်ဆာ ဝေဒနာခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်သည် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ်နှစ်နှစ်၊ သဘာဝဘေးပုဒ်မ နှစ်မှုအတွက် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း၌ ကျခံနေရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်အနေဖြင့် အဂတိအမှု ငါးမှုအပြင် ရွေးကောက်ပွဲကာလအတွင်း မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံနှင့် အမရပူရမြို့နယ်တို့တွင် မလျှော်သြဇာသုံး၍ မဲမသမာမှုပြုလုပ်သည်ဟု ဆိုကာ စွပ်စွဲထားသော အမှု နှစ် မှု စုစုပေါင်း အမှု ခုနစ်မှုကို တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

#Mizzima

#ဒေါက်တာဇော်မြင့်မောင်

#အိုးဘိုထောင်

#အဂတိလိုက်စားမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required