တော်လှန်ရေးအဖွဲ့အစည်းများအတွက် ငွေကြေးကောက်ခံမှုများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ထုတ်ပြန်

တော်လှန်ရေးအဖွဲ့အစည်းများအတွက် ငွေကြေးကောက်ခံမှုများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ထုတ်ပြန်

ဧပြီ ၉

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် ငွေကြေးကောက်ခံ ထောက်ပံ့နေမှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ကြေညာ ထား သည်။

ယင်း ထုတ်ပြန်ချက်ကို ယမန်နေ့ ဧပြီ ၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် စစ်ကောင်စီအား နည်း အမျိုးမျိုးဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းများအတွက် ထိုင်းနိုင်ငံအတွင်း ရန်ပုံငွေပွဲများပြုလုပ် ခြင်း၊ တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ အသင်းအဖွဲ့နှင့်ဖြစ်စေ ငွေကြေးများကောက်ခံနေသည်ကို သိရှိရသဖြင့် ယင်း သို့ မပြုလုပ်ရန် သဘောဆောင်သည့် ထုတ်ပြန်ချက်တစ်ရပ်ကို ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်များကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကျူးလွန်သူမြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၃/ ၂၀၁၄ ၊ အခန်း ၁၂ ပါ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု များ အား တားဆီးနှိမ်နင်းရေး ဥပဒေဖြင့် ငြိစွန်းကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပေါ် ထိုင်းနိုင်ငံရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပြင် ပြည်တွင်း၌ရှိနေသည့် နိုင်ငံသားများက ဝေဖန် ပြောဆိုမှု များရှိနေကြသည်။

“အကြမ်းဖက်မှုအတွက် ငွေကြေးကောက်ခံတယ်၊ လှူတဲ့သူက လှူတယ်လို့ သူတို့ ဘယ်ဟာကိုသက်သေပြပြီး ပြောမှာလဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေကိုလှူဖို့ဆိုပြီး လည်ပင်းဆိုင်းဘုတ်ချိတ် လိုက်အော်နေတာ တစ်ဦးမှ မပါဘူး။ ထိုင်းနိုင်ငံသားတွေတောင် လှူကြတယ်ဗျာ။ သံရုံးထဲနေပြီး အပြင်ကို ခြေတစ်လှမ်းတောင်မထွက်ရဲတဲ့ ကောင်တွေထုတ်ပြန်တာကို ဂရုစိုက်နေရအောင် ကျွန်တော်တို့ ဘာလားပေါ့ဗျာ။ လုပ်စရာရှိတာကို ဆက်လုပ် သွားမှာပါ ” ဟု ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော တော်လှန်ရေးထောက်ပို့တပ်သားတစ်ဦးက ဆိုသည်။

#Mizzima

#ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး

#အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ

#တော်လှန်ရေးအဖွဲ့အစည်း

#ငွေကြေးထောက်ပံ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required