မတ္တရာမြို့နယ် ကင်းရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့

မတ္တရာမြို့နယ် ကင်းရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့

ဧပြီ ၉

မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာမှ နေအိမ် ငါးလုံးကို အကြမ်းဖက် စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ည ၁၁ နာရီခွဲတွင် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

"ကျွန်တော်တို့က စစ်တပ် ဝင်လာတယ် ကြားကတည်းက ပြေးနေတာ။ ညက မီးရှို့တော့ ရွာတွေဆိုတော့ လှမ်းမြင်နေရတာ။ မနက်မှ ပြန်လာကြပြီးတော့ ဝင်ကြည့်တော့ အိမ်ငါးလုံး ပါသွားတယ်။ ကျန်တဲ့ အိမ်တွေက ပစ္စည်းတွေလည်း ယူသွားကြ ၊ ဖျက်ဆီး ထားကြပေါ့ဗျာ။ အရှို့ခံရတဲ့ သူတွေကလည်း သာမန် ပြည်သူတွေပါ " ဟု ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ ပြောသည်။

စစ်ကောင်စီ တပ်များသည် မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို ဝင်ရောက် ရှာဖွေမှုများ လုပ်နေပြီး ဧပြီလ ၇ ရက်နေ့တွင် ကင်းရွာသို့ စစ်ကား ၁၃ စီးဖြင့် ရောက်ရှိလာကာ ၈ ရက် နေ့ညတွင် အိမ်များကို မီးရှို့ ဖျက်ဆီး သွားခြင်း ဖြစ်သည်။

မတ္တရာမြို့နယ် အရှေ့ပိုင်းဒေသ၌ စစ်ကောင်စီတပ်များ မကြာခဏ မိုင်းဆွဲ ခံရခြင်းကြောင်း စစ်တပ်က ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်လေ့ ရှိပြီး ဒေသခံ ပြည်သူများကိုလည်း PDF ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

#Mizzima

#မတ္တရာမြို့နယ်

#ကင်းရွာ

#စစ်ကောင်စီတပ်

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required