ပုဒ်မ ၄၃၆ ပြင်ဆင်မှု ရှုံးခြင်းမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြသောကြောင့်ဟု ဒေါ်စု ပြော

ပုဒ်မ ၄၃၆ ပြင်ဆင်မှု ရှုံးခြင်းမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြသောကြောင့်ဟု ဒေါ်စု ပြော

နေပြည်တော်၊ ဇွန် ၂၅ ။      ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအဖြစ် ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် သုံးရက်တာ ဆွေးနွေးပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် ယနေ့မဲခွဲဆုံးဖြတ်သည့်အခါ ပုဒ်မ ၅၉(ဃ) ပါ “ကာကွယ်ရေးအမြင်" ပြင်ဆင်ချက်မှလွဲ၍ ကျန်ပြင်ဆင်ချက်များ ရှုံးနိမ့်ခဲ့ရခြင်းမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြသောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာကို ပြောသည်။

"ပြောင်းမယ် ဆိုပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ တင်တဲ့ဟာတွေက အပြောင်းအလဲဟာ လုံးဝ လုံလောက်တဲ့ အပြောင်းအလဲ မဟုတ်ဘူး။ ဒီလို လုံးဝ မလုံလောက်တဲ့ အပြောင်းအလဲကိုတောင် မထောက်ခံချင်ဘူူးဆိုတဲ့ အဓိပ္ပာယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးဆိုတဲ့ အဓိပ္ပာယ်ကို ရောက်ပါ တယ်။ မထောက်ခံတဲ့ ကိုယ်စားလှယ်များဟာ အပြောင်းအလဲကို မလိုလားတာ။
"ဒီ ပုဒ်မ တစ်ခုချင်း တစ်ခုချင်းကို မပြင်ဆင်တာထက် ဘာဖြစ်လို့လဲ ဆိုတော့ ပြင်ဆင်ထားတာတွေကလည်း လုံလောက်တာ မဟုတ်ဘူး။ ၇၅ ရာခိုင်နှုန်းကနေပြီးတော့ ၇၀ ရာခိုင်နှုန်းထက် အောက်မကျသော ဆိုတာ ကလည်း ဘာမှ ထူးခြားတာ မဟုတ်ဘူး။

ချွေးမနဲ့ သမက်ကို ၅၉(စ) ကနေ ဖယ်လိုက်တာလည်း ဘာမှ သိပ်ပြီးတော့ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲတာလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလို မထိရောက် တဲ့ဟာတွေကိုတောင်မှ မပြင်ချင်ဘူး ဆိုလို့ရှိရင်တော့ ပြုပြင်ပြောင်းလဲရေးကို မလိုလား ဘူးလို့ အဲ့ဒီလိုပဲ သတ်မှတ်ရမှာပဲ" ဟု ၎င်းက ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ရေးရာ အဆောင် အိုင် - ၁၂ ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မီဒီယာကို ပြောခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဇွန် ၂၃ မှ ဇွန် ၂၅ အတွင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၈ ဦးတို့က ဆွေးနွေး ခဲ့ကြရာ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉(စ)၊ ၆၀(ဂ)၊ ၄၁၈(ခ)၊ ၄၃၆ (က) နှင့် ၄၃၆ (ခ)တို့ကို ပြင်ဆင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှလွဲပြီး အားလုံးက သဘောတူ ခဲ့ကြသည်။

သို့ရာတွင် အရပ်ဘက် ရွေးကောက်ခံ ကိုယ်စားလှယ်အများစုတို့က အဆိုပါ ပုဒ်မများကို စတိ သဘောလောက်သာ ပြင်ဆင် လိုကြသဖြင့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ ထောက်ခံသည့် ပုဒ်မ ၅၉(ဃ) တစ်ခုတည်းသာ ပြင်ဆင် ချက်အဆို အတည်ပြုနိုင်ခဲ့သည်။ ကျန် ပုဒ်မများမှာ မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။

"အခုဟာက ရှုံးနိမ့်တယ်လို့ အန်တီက မမြင်ဘူး။ အစကတည်းက အန်တီတို့ တွက်ထားပြီးသား။ ပြည်သူက လည်း အန်တီ တို့လိုပဲ တွက်တတ်ပါတယ်။ ဂဏန်းတွက်တတ်ပါတယ်။ အန်တီတို့လည်း ဂဏန်း တွက်တတ် ပါတယ်။

ဘယ်လိုအခြေအနေ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာ အစကတည်းက မှန်းလို့ရပါတယ်။ ဒါပေမယ့်လည်း အရေးကြီး တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို ပြင်နိုင်ခြေရှိအောင် လုပ်ဖို့ဆိုတာ လက်တွေ့ကျကျ ပြင်မှ ရမှာ။ ၇၀ ရာခိုင်နှုန်းလည်း မရဘူး။ လက်တွေ့မကျတဲ့ ရာခိုင်နှုန်းတွေက မပြင်တာနဲ့ အတူတူပဲ။ နည်းနည်း လူကြားလို့တော့ ကောင်းတာပေါ့နော်။

လူကြားကောင်းတာက လွဲလို့ တကယ်တော့ ထိရောက်မှု မရှိဘူး။ အဲ့တော့ အဲ့ဒီဟာတွေကို အန်တီတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြည်သူကို မြင်နိုင် အောင်လို့ ပြခွင့်ရတာကိုက အမြတ်တစ်ခုပဲလို့ မြင်ပါတယ်" ဟု ပြောသည်။

ပုဒ်မ ၄၃၆ (က)ကဲ့သို့အခြေခံဥပဒေ၏ အရေးအကြီးဆုံးသော ပုဒ်မမျိုးကို ပြင်ဆင်နိုင်ဖို့မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားအပေါ်တွင်သာ မူတည်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ကျွန်မတို့ ခဏခဏ ပြောနေတဲ့ ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဟာ တပ်မတော်သားများ ကန့်ကွက်မယ် ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စ၊ အခုဟာက တပ်မတော်သားများ ကန့်ကွက်တဲ့ အပြင်မှာ ပြည်သူတွေရဲ့ တင်မြောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကပါ ကန့်ကွက်တယ်ဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ ပြုပြင်ပြောင်း လဲရေးဟာ တကယ် ဒီမိုကရေစီ ကျတယ်၊ နည်းလမ်းကျတယ် ဆိုတာကို မီးမောင်းထိုးပြရာ ရောက်တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောတာက ရွေးချယ်ခံ ကိုယ်စားလှယ်များရဲ့ သုံးပုံနှစ်ပုံ၊ သို့မဟုတ် ကိုယ်စားလှယ် အားလုံးရဲ့ အများစု အဲ့လိုဟာမျိုး ဖြစ်သင့်တယ်လို့ ပြောတာဟာ ဒါဟာ နည်းလမ်းမှန်တယ်။ ဒီမိုကရေစီကျတဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ပြုပြင်ပြောင်း လဲမှုကို ဦးတည်တယ်ဆိုတာ (ဒီနေ့ရလဒ်က ) ပိုပြီးတော့ ရှင်းလင်းစေတာပေါ့" ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ဖြည့်စွက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly