ရုရှ သံတမန်နှင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံက နှင်ထုတ်မည် 

ရုရှ သံတမန်နှင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံက နှင်ထုတ်မည် 

ဧပြီလ ၈ ရက်

ယူကရိန်းနိုင်ငံတွင် ရုရှ၏ လုပ်ရပ်များသည် “လုံးလုံးလျားလျား လက်သင့်ခံစရာမရှိဘဲ” နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းအဖြစ် ပြောဆိုလျက် ဂျပန်နိုင်ငံသည် ရုရှသံတမန် ရှစ်ဦးနှင့် တာဝန်ရှိသူများကို နိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြောသည်။ 

ကိယက်ဗ်မြို့ဝန်ကျင်း ဧရိယာများတွင် ရုရှတပ်များက စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲချက်များနောက် ယူကရိန်း၏ မဟာမိတ်များက ရုရှအပေါ် ဖိအားများ ပေးလျက်ရှိရာ ဥရောပတွင်လည်း အလားတူ ရုရှသံတမန်နှင့် တာဝန်ရှိသူများကို နိုင်ငံများမှ နှင်ထုတ်ခြင်းများ ရှိပြီးနောက် ယခု ဂျပန်နိုင်ငံကပါ ပါဝင်လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။ 

“ကျွန်မတို့ နိုင်ငံရဲ့ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ချက် ရလဒ်အရ ဂျပန်မှာရှိတဲ့ ရုရှသံရုံးက သံအမတ် ရှစ်ဦးနဲ့ ရုရှကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေကို နှင်ထုတ်ဖို့ ကျွန်မတို့အနေနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရအမျိုးသမီး ဟီကာရီကို အိုနိုက ပြောသည်။ 

ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာကီအို မိုရီနှင့် တွေ့ဆုံရာ၌ ယခု ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံဆိုင်ရာ ရုရှသံအမတ်ကြီးကို အသိပေးလိုက်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ 

အရပ်သားများ သေဆုံးခြင်းက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း ရုရှသံအမတ်ကြီးကို ပြောခဲ့သည်ဟု အိုနိုက ဆိုသည်။ 

“ဒါဟာ လုံးလုံး လက်သင့်ခံစရာ မရှိဘဲ ကျွန်မတို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ၎င်းက ပြောသည်။ 

ယခု နှင်ထုတ်မှုတွင် ရုရှသံအမတ်ကြီးတော့ မပါဝင်ဟု တာဝန်ရှိသူများက ပြောသည်။ 

ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှအား အနောက်အုပ်စု၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဂျပန်နိုင်ငံကပါ ပါဝင်လာခဲ့ခြင်းပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly