မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ငွေကျပ် ၈၀၀နီးပါးအထိ တိုးမြှင့်ကောက်

By ကိုရွှေမြိတ်
08 April 2022
မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ငွေကျပ် ၈၀၀နီးပါးအထိ တိုးမြှင့်ကောက်

မြိတ်၊ ဧပြီလ၊ ၈

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ငွေကျပ် ၈၀၀ နီးပါး အထိ စျေးနှုန်းတိုးမြှင့်ကောက်ခံနေကြောင်း လျှပ်စစ်မီးသုံးစွဲသူ ဒေသခံများထံက သိရ သည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၅၆၅ကျပ် ကျသင့်ခဲ့ရာမှ အခု မတ်လအတွက် ပေးဆောင်ရသည့်နှုန်းမှာ တစ်ယူနစ်လျှင် ၇၆၅ ကျပ်အထိ တိုးမြှင့် ကောက်ခံ ခဲ့သည်ဟု ဒေသခံများထံက ပြောသည်။

လျှပ်စစ်မီး သုံးစွဲသူ မြိတ်မြို့ မြစ်ငယ်ရပ်ကွက်နေ ဒေသခံ တစ်ဦးက“လျှပ်စစ်မီးတာ ယူနစ်က လစဉ်လိုလို တက်နေပါတယ်။ အထူးသဖြင့် စစ်အုပ်ချုပ်ရေး ကာလမှာပါ” ဟု ပြောသည်။

မြိတ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဖြင့် လည်ပတ်၍ လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးနေပြီး သုံးစွဲသူ ပြည်သူများကို လည်းအသိပေးခြင်းမရှိဘဲ လစဉ်ယူနစ်စျေးနှုန်း တိုးမြင့်ကောက်ခံနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

“လျှပ်စစ် မီတာ ယူနစ်နဲ့ ပတ်သက်လာရင် အစိုးရ လက်ထက်မှာ ဆိုရင် စက်သုံးဆီ မြှင့်တက်လို့ ဖြစ်စေ၊ အခြားအကြောင်း အရာကြောင့် ဖြစ်စေ ယူနစ်နှုန်းထား တိုးကောက်တော့မယ် ဆိုရင် ပြည်သူတွေကို အသိပေး ရှင်းလင်းတာတွေ ရှိတယ်”ဟု မြိတ်မြို့၊ မြိတ်တောင်နယ်မြေရှိ သုံးစွဲသူ ဒေသခံ တစ်ဦးက ပြော သည်။

မြိတ်မြို့နယ် အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးခြင်း လုပ်ငန်းအား ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက တင်ဒါ အောင်မြင် ထားခြင်း ဖြစ်သည်။

“ဒီပုံအတိုင်း ဈေးကြီးနေမယ်ဆိုရင်တော့ လက်လုပ်လက်စားတွေ လျှပ်စစ်မီးသုံးဖို့လက်လှမ်းမမီဖြစ်လာမယ် လုပ်ငန်းရှင်တွေလည်း ရေရှည်မှာရပ်တည်နိုင်ဖို့ခက်ခဲလာမယ် ထင်တယ်”ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

Petro & Trans ကုမ္ပဏီ သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက တစ်ယူနစ်လျှင် ၂၃၅ ကျပ်၊ ဖေဖော်ဝါရီလ တွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ် အထိ ကောက်ခံခဲ့ရာမှ ဧပြီလမှ စတင်ကာ တင်ဒါ အောင်မြင့် ထားသည့် ၂၉၂ နှုန်းထက် ပိုမိုတိုးမြှင့် ကောက်ခံခဲ့သည်။

ထိုနောက် ဧပြီလတွင် ၂၉၅ ကျပ်၊ မေလ၊ဇွန်လ၊ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အထိ ၄၇၈ ကျပ်နှင့် ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ် စသဖြင့် မီတာ ယူနစ် နှုန်းထားများကို ဆက်တိုက် တိုးမြှင့် ကောက်ခံ ခဲ့ကြောင်း သုံးစွဲသူထံက သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်မြို့

#မီတာခနှုန်းထား

#တစ်ယူနစ်စျေးနှုန်းတိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly