ကိုယ်ပိုင်ဘဏ်စာရင်းထဲ ကန်ဒေါ်လာ သန်း၆၀၀ကျော်စီးဝင်မှု ဝန်ကြီးချုပ် နာဂျစ်ရာဇက်တွင် အပြစ်မရှိကြောင်း မလေးရှားရှေ့နေချုပ် ကြေညာ

ကိုယ်ပိုင်ဘဏ်စာရင်းထဲ ကန်ဒေါ်လာ သန်း၆၀၀ကျော်စီးဝင်မှု ဝန်ကြီးချုပ် နာဂျစ်ရာဇက်တွင် အပြစ်မရှိကြောင်း မလေးရှားရှေ့နေချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၆ ။           ။ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်မှာ ရင်းဂစ် ၂.၆ဘီလျံ (ကန်ဒေါ်လာ ၆၀၇သန်း)တန်ဖိုး အလှူငွေများ ၎င်း၏ ဘဏ်စာရင်းထဲသို့ စီးဝင်သွားမှုတွင် မည်သည့် မသမာမှုမျှ မရှိခဲ့ကြောင်း မလေးရှား ရှေ့နေချုပ် အပန်ဒီ အလီက ဇန်နဝါရီလ ၂၆ရက်နေ့တွင် ကြေညာခဲ့သည်။

နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ 1MDB၏ အခွဲတစ်ခုဖြစ်သော SRC International နှင့်လည်း ဆက်နွယ်နေသည့် မစ္စတာနာဂျစ်၏ ဘဏ်စာရင်းထဲမှ အလှူငွေနှင့် ပတ်သက်သည့် အငြင်းပွားမှုအပေါ် မလေးရှား ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီ (MACC)ထံမှ ဒီဇင်ဘာ ၃၁၊ ၂၀၁၅ခုနှစ် ရက်စွဲပါ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို မစ္စတာ အပန်ဒီ လက်ခံရရှိထားသည်ဟု ဆိုသည်။

“MACCက ကျနော့်စီတင်သွင်းလာတဲ့ စာရွက်စာတန်းတွေအရ ဝန်ကြီးချုပ်ရဲ့ ဘဏ်စာရင်းထဲ လွှဲပို့လိုက်တဲ့ ကန်ဒေါ်လာ ၆၈၁သန်းဟာ ဆော်ဒီတော်ဝင်မိသားစုက ဘာကတိကဝတ်မှ မပါဘဲ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းတဲ့ ငွေတွေပါ”ဟု မစ္စတာ အပန်ဒီက ကြေညာချက်တွင် ပြောကြားခဲ့သည်။

“အလှူငွေတွေကို အဂတိလိုက်ပြီး အတုန့်အလှည့်အနေနဲ့ ပေးခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး”ဟုလည်း အပန်ဒီက ပြောကြားခဲ့သည်။

“ဒါ့အပြင် ၂၀၁၃ခုနှစ် သြဂုတ်လမှာတုန်းက ဝန်ကြီးချုပ်က ကန်ဒေါ်လာ ၆၂၀သန်းကို အသုံးမပြုခဲ့လို့ ဆော်ဒီ တော်ဝင်မိသားစုကို ပြန်ပေးခဲ့ပါတယ်။ သက်သေတွေနဲ့ စာရွက်စာတန်း အထောက်အထားတွေအရ အလှူငွေတွေနဲ့ ပတ်သက်လို့ ဘယ်လို ရာဇဝတ်မှုကို မကျူးလွန်ခဲ့ဖူးဆိုတာကို ကျေနပ်လောက်ဖွယ် တွေ့ရှိခဲ့ရပါတယ်”ဟုလည်း ကြေညာချက်တွင် ထပ်လောင်း ပြောကြားထားသည်။  

SRC International နှင့် ပတ်သက်ရျ်လည်း SRCက ထုတ်ပြန်ခဲ့သည့် ရင်းဂစ် 4ဘီလျံစာချုပ်အတွက် အစိုးရ၏ အာမခံချက်ရရှိရန်အတွက်လည်း မစ္စတာ နာဂျစ်မှာ အာဏာကို အလွဲသုံးစားပြုခြင်း မရှိခဲ့ကြောင်း အစိုးရရှေ့နေချုပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly