အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို ပရိသတ်တွေ အားပေးမယ်လို့ ယုံကြည်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို ပရိသတ်တွေ အားပေးမယ်လို့ ယုံကြည်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။           ။ ဇန်နဝါရီ ၂၉ရက်တွင် စတင်ရုံတင် ပြသတော့မည့် အေဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင် မင်းသား အဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ထိုဇာတ်ကား အတွက် ရင်ခုန်လျက် ရှိသည်။

"ကျွန်တော် ကြောက်တယ် အမှန်အတိုင်း ပြောတာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ပထမဆုံး ဘက်ဒေးရှိုးတို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတို့ လုပ်တယ်။ အဲအရင်တုန်းကတော့ ဆိုခဲ့ဖူးတဲ့ပွဲတွေက တခြား အဆိုတော်တွေ အများကြီး ပါတယ်။ ရုံမပြည့်မှာ ဘာညာ စိတ်ပူစရာမလိုဘူး။

ကိုယ်လုပ်စရာ ရှိတာ လုပ်ရုံပဲ။ ဒါပေမယ့် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ Sai Sai Show SaiSai Live လို့ စပြီး ကြေညာတဲ့ အချိန်မှာ ဒီထဲကို ပရိသတ်တွေ လာအားပေးပါ့မလား လာအားပေး ရင်ကော ငါ့ရဲ့ ဖျော်ဖြေမှုကို ပရိသတ်က လက်ခံနိုင်ပ့ါမလား အကောင်းဆုံး ဖြစ်နိုင့်ပါ့မလား ဆိုပြီး စိတ်ပူပန်မှုတော့ ရှိခဲ့ပါတယ်။ အခု ဒီဇာတ်ကားကလည်း အဲလိုမျိုးပဲ နည်းနည်း ကျွတ်တယ်။ မျှော်လဲမျှော် လင့်တယ်။ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့ရဲ့ ပရိသတ်တွေက လာအားပေးမယ်လို့ ယုံကြည်တယ်။ ရင်လည်းအရမ်းခုန်နေပါတယ်" ဟုပြောသည်။

ထို ဇာတ်ကားသည် ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ဖြစ်ပြီး ဒါရိုက်တာ မီးပွားမှ ရိုက်ကူး ပုံဖော်ထားကာ သရုပ်ဆောင်များ အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ မေဂရေ့စ်၊ ပိုင်ဖြိုးသု၊ မာရီကိုးလ်၊ မြနှင်းရည်လွင်၊ ဝင့်ယမုံလှိုင်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြသည်။

ဇာတ်ကားတွင် အေဒင် အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ သျှီ (သို့) မဒီ အဖြစ် မေဂရေ့စ်၊ ဆောင်းနှင်းဆီ အဖြစ် မြနှင်းရည်လွင်၊ နတ်ပန်းချီ အဖြစ် မာရီကိုးလ်၊ လမင်းဖြူ အဖြစ် ပိုင်ဖြိုးသု၊ ပန်းသစ်ခက် အဖြစ် ဝင့်ယမုံလှိုင်၊ စောသီဟ အဖြစ် သားညီ တို့မှ ပါဝင် သရုပ်ဆောင်ထားသည်။

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို Heart & Soul Film နဲ့ Frenzo Production ၏ ဒုတိယအကြိမ် ပူးပေါင်း တင်ဆက် ဖြင့် ရိုက်ကူးခြင်း ဖြစ်ပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ပထမဆုံး ခေါင်းဆောင် မင်းသား အဖြစ် စတင် ရိုက်ကူးသည့် ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သလို ပါဝင်သည့် အမျိုးသမီး အနုပညာရှင် ၅ဦးလုံး၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးလည်း ဖြစ်သည်။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် က "ကျွန်တော်တို့ ဒီကားကို ရိုက်ထားတာ ၂နှစ် ကျော်ပါပြီ။ အဲ့ဒီ အချိန် တုန်းက အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။ အိုက်တင်ကို ကျေနပ်လား ဆိုတော့ မကျေနပ်သေးပါဘူး။ ကျွန်တော် ကြိုးစားရအုံးမှာပါ။ အဓိကကတော့ ရုံရက်ကို အကြာကြီး တန်းစီစောင့်ရတယ်။ ရိုက်ကူးရေးပိုင်းမှာလည်း ခါတိုင်း ရိုက်ကူးနေကျ ပုံစံမဟုတ်ဘဲ ကြားထဲမှာ ရိုက်နေရင်းနဲ့ စိတ်တိုင်း မကျရင် ရပ်လိုက်တယ် ပြန်ပြီးတော့ ပြင်ဆင်တယ်။ ပြန်ရိုက်တယ် ဆိုတော့ ရိုက်ကူးချိန်မှာ ကြာပါတယ်။ ကျွန်တော်လည်း ခေါင်းဆောင်မင်းသား စရိုက်တာ ဖြစ်သလို ပါဝင်တဲ့ အမျိုးသမီး အနုပညာရှင် ၅ဦး ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး တစ်ခုလည်း ဖြစ်ပါတယ်" ဟု ပြောပြသည်။  

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သည့် တေးသီချင်းသစ် ၂ ပုဒ်ကို Movie Song Track အနေဖြင့် ပရိသတ် နားဆင်ရန် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် မှ အွန်လိုင်းကနေ ရောင်းချပေးသွားမည် ဖြစ်သည်။

ထို သီချင်း ၂ပုဒ်သည် အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကား အတွက် သီးသန့် ရေးသားထားသည့် တေးသီချင်းလည်း ဖြစ်သည်။ သီချင်းသစ် ၂ပုဒ်မှာ လောကဥခွံ အမည်ရှိ သူငယ်ချင်း တေးသီချင်း နှင့် တန်ခိုးရှင် အမည်ရှိ တေးသီချင်း ဖြစ်ပြီး လောကဥခွံ သီချင်းကို တေးရေး ကမ္ဘာမှ ရေးသားပေးထားပြီး တန်ခိုးရှင် သီချင်းကို တေးရေး စောခူဆဲ မှ ရေးသား ပေးထားသည်။

"လောကဥခွံ သူငယ်ချင်း သီချင်းကို တေးရေး ကမ္ဘာ ရေးသား ထားပြီး ကျွန်တော်က Rap စာသားများဖြင့် ပါဝင် အားဖြည့်ထားပါတယ်။ ဒီ ဇာတ်ကား အတွက် သီးသန့်ရေးသားထားသည့် တေးသီချင်း တစ်ပုဒ် ဖြစ်ပါတယ်။ တန်ခိုးရှင် သီချင်းကိုတော့ ဆရာ စောခူဆဲ ရေးပေးထားပြီး ဇာတ်ကားအတွက် သီးသန့် ရေးသားထားသည့် သီချင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ Movie Song Track အနေဖြင့် ပရိသတ် နားဆင်ဖို့အွန်လိုင်းကနေ ရောင်းချပေးမှာပါ။ ဇာတ်ကား ပြသနေသည့် အချိန်တွင်း ဖြန့်ချိသွားဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်" ဟု ပြောသည်။

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို ဇန်နဝါရီ ၂၉ရက် မှ စတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ သွင်၊ နဝဒေး၊ ဂျန်းရှင်းစကွဲ Cineplex စသည့် ရုပ်ရှင်ရုံများတွင် ပြသမည် ဖြစ်ပြီး မန္တလေး၊ တောင်ကြီး၊ လားရှိုးတို့တွင်လည်း ပြသသွားမည် ဖြစ်သည်။

ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ဇန်နဝါရီ ၂၉ရက်တွင် ပါဝင်သည့် အနုပညာရှင်များမှ နံနက် ၁၀နာရီတွင် ပရိသတ်များနှင့် တွေ့ဆုံပြီး အမှတ်တရ လက်မှတ်များ ရေးထိုးပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags