မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကာကွယ်ထိန်းသိမ်းမည်ဟု AA ပြောကြား

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကာကွယ်ထိန်းသိမ်းမည်ဟု AA ပြောကြား

ဧပြီ ၅

ရခိုင်ပြည်နယ်ရှိ ကမ္ဘာကျော် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကာကွယ်ထိန်းသိမ်း ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့် တပ်တော် (AA) တွင် အဓိကတာဝန်ရှိသည်ဟု ယနေ့ ဧပြီလ ၅ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခကပြောကြားသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကာကွယ်ထိန်းသိမ်းရန် အသက်သွေးချွေးမြောက်များစွာ စတေးပြီး လုပ်ဆောင်နေကြောင်း ULA/AA အပါအဝင် ရခိုင်တစ်မျိုးသားလုံးကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိသည်ဟု ၎င်းကဆိုသည်။

“အပြည့်အဝ ကာကွယ်စောင့်ရှောက်နေကြပြီလားလို့မေးရင် အခုက တော်လှန်ရေးကာလဖြစ်တဲ့အတွက် ကြောင့် ကျနော်တို့ အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်တဲ့အနေအထားမရှိသေးပါဘူး။ သို့သော် ဒီ ဟာတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်တဲ့နေ့မှာ သမိုင်းအမွေအနှစ်တွေ လုံးဝမပျက်စီးစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီးထိန်းသိမ်းစောင့်ရှောက်သွားမှာကို ကျနော်တို့ သန္နိဌာန်ချမှတ်ထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ တော်လှန်ရေးကာလအတွင်း မြောက်ဦး မြို့မိ၊ မြို့ဖများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်မည့် အစီအစဉ် ရှိသည်ဟု ၎င်းကဆိုသည်။

“အခုလက်ရှိအချိန်မှာ လုပ်ဆောင်နိုင်သမျှ အခြေအနေအောက်မှာ အကောင်းဆုံးလုပ်နေတာကိုလည်း ထပ်လောင်း ဖြည့်စွက်ပြောကြားလိုပါတယ်” ဟု ခိုင်သုခကပြောဆိုသည်။

မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ယူနက်စကိုသို့ဝင်နိုင်ရေးအတွက်ကြိုးစားနေသော်လည်း ကျုးကျော် နေထိုင် မှုများ၊ တောင်များကို ဖြိုချက မြေတူးဖော်မှုများလည်း ရှိနေသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ULA/AA

#မြောက်ဦး

#ရှေးဟောင်းယဉ်ကျေးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required