ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ အလံဖြူထောင်သည်ဟု အင်တာဗျူးဖြေကြားခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၃နှစ်ချ

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ အလံဖြူထောင်သည်ဟု အင်တာဗျူးဖြေကြားခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၃နှစ်ချ

ဧပြီ ၅

ချင်းပြည်နယ်၊ပလက်ဝမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု မီဒီယာတစ်ခုအား အင်တာဗျူးဖြေကြားခဲ့သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ယနေ့ မတ်လ ၅ ရက်နေ့ တွင် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။

ကိုတင်ထွန်းအောင်အပေါ် စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့ နံနက် ၁၀နာရီ၃၀မိနစ်တွင် ပလက်ဝမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ ၁၀နာရီကျော်လောက်မှာ ပလက်ဝမြို့နယ်တရားရုံးက သူကို အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တာပါ။ ဒါက တရားမျှတမှုမရှိပါဘူး ”ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်အခြေစိုက် Western News သတင်းဌာနအား အလံဖြူထောင်ထားသည့်ဟု အင်တာဗျူး ဖြေကြားမှုကြောင့် ပလက်ဝမြို့ (၂၈၉) တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ အခုလိုမျိုး ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တာ မတရားချမှတ်လိုက်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ထင်ထားတာက အများဆုံးကျရင်တောင် ခြောက်လလောက်ပဲ ထင်ထားတာ။ ကျွန်တော်တို့ အယူခံတက်သွားမှာပါ”ဟု ကိုတင်ထွန်းအောင်၏မိသားစုဝင်များက ပြောသည်။

အဆိုပါသတင်းအား ဖော်ပြခဲ့သည့် ရခိုင်အခြေစိုက်သတင်းဌာန ဖြစ်သည့် Western News သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကိုလည်း စစ်ကောင်စီက တရားလိုပြုလုပ်၍ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း သိရသည်။

#Mizzima

#ချင်းပြည်နယ်

#စစ်ကောင်စီတပ်

#အလံဖြူထောင်

#ကိုတင်ထွန်းအောင်

#ထောင်ဒဏ်သုံးနှစ်

#WesternNewsသတင်းဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly