မင်းကင်းမြို့နယ် ထုံးကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးဟုဆို

မင်းကင်းမြို့နယ် ထုံးကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးဟုဆို

မင်းကင်း ဧပြီ ၄

စစ်ကိုင်းတိုင်း မင်းကင်းမြို့ တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ထုံးကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များနှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များ ဧပြီလ ၄ ရက် နံနက် ၈ နာရီက တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက် မှ ကိုးဦး သေဆုံးပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်မှ တစ်ဦး ပျောက်ဆုံးနေကြောင်း KLG PDF ဗျူဟာမှူးထံက သိရသည်။

"တိုက်ပွဲက မနက် ၈ နာရီ လောက်ကတည်းက စဖြစ်တာ။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို ထိုးစစ်ဆင်တိုက်ခဲ့ရတာ ဆိုတော့ ကိုယ့်ဘက်က အန္တရာယ်တော့ များတယ်။ ကျွန်တော်တို့ အနေနဲ့ ရဲဘော်တစ်ယောက်စီကို ကျည် ၂၅ တောင့်ထည့်ထားတဲ့ ကျည်ဘောက် နှစ်ခု ပေးထားတယ်။ ရဲဘော် အများစုကတော့ လက်လုပ် သေနတ်တွေနဲ့ပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ ပြည်သူက ပေးတဲ့ ကျည် တစ် တောင့်ချင်းစီတိုင်းကို တန်ဖိုးထားရပါတယ်။ ရန်သူ စကစ ဘက်ကတော့ မျက်မြင် ကိုးဦး ကျဆုံးတယ်။ ကျွန်တော်တို့ဘက်က ကျည်ဆံ မလောက်လို့ ဆုတ်ကျည်ချန်ပြီး ပြန်ဆုတ်တဲ့ အချိန် ဒီကောင်တွေ အပြေး လိုက်ပစ်တာဗျ။ အဲ့ဒီလို လိုက်ပစ်တဲ့အခါ ရန်သူနဲ့ ကျွန်တော်တို့ကြားမှာ ပဒေသာ တိုက်မိုင်းတွေ ခင်းထားတာမို့ တိုက်မိုင်း နှစ်လုံး ထပ်ကွဲပါတယ်။ ကျွန်တော်တို့လည်း အသက်လုပြီးပြေးခဲ့ရတာမို့ ရန်သူဘက်က ဘယ်လောက် ထပ်သေလည်းမသိဘူး။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကတော့ လက်ရှိပျောက်ဆုံးနေတယ်” ဟု KLG PDF ဗျူဟာမှူးက ပြောသည်။

ထုံးကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်အား KLG PDF နှင့် ရွှေသမင်မုဆိုးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ငါးနာရီ ခန့်အထိ ရှိခဲ့ကြောင်းသိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ထုံးကြီးကျေးရွာ

#တိုက်ပွဲ

#စစ်ကောင်စီ

#ကိုးဦးကျဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required