ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ထုတ် ကုန်ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ရန် ဆွေးနွေးနေဟု AA ဆို

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ထုတ် ကုန်ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ရန် ဆွေးနွေးနေဟု AA ဆို

ဧပြီ ၅

ရခိုင်ပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ထုတ် ကုန်ပစ္စည်းများကို ဒေသတွင်း ရောင်းချခွင့် ပိတ်ပင်ရန် ဗဟိုကော်မတီတွင် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ က ပြောသည်။

ယနေ့ ဧပြီလ ၅ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး မေးမြန်းမှုအပေါ် ဦးခိုင်သုခက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီဘက်က ထုတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ boycott (သပိတ်မှောက်) လုပ်ဖို့ ရှိ၊ မရှိ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ ဗဟိုကော်မတီမှာ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အပါအဝင် နေရာ အများအပြားတွင် မြန်မာဘီယာ၊ ဒဂုံဘီယာ အပါအဝင် စစ်တပ်ထုတ် ကုန်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် တားမြစ်ချက်ကို မလိုက်နာပါက ထိထိရောက်ရောက် အရေးယူမည်ဟု သက်ဆိုင်ရာ ကာကွယ်ရေးတပ်များက သတိပေးမှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင်မူ စစ်တပ်ထုတ် ကုန်ပစ္စည်းများ လက်ရှိအချိန်ထိ ရောင်းအားကောင်း နေဆဲဖြစ်ပြီး ဒေသခံများ အနေဖြင့် အမှန်တကယ် လွတ်မြောက်လိုပါက မည်သည့် စစ်တပ်ထုတ်ကုန်ကို မဆို သပိတ်မှောက်ရန် လိုအပ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ထောက်ပြသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား နှစ်နှစ် နီးပါးကြာ တိုက်ပွဲ ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်ကာ ယနေ့အထိ စစ်ပွဲများ ရပ်တန့်နေ သော်လည်း နှစ်ဘက်တပ်များ တပ်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများ အပြိုင်အဆိုင် တည်ဆောက်နေ ကြသည်။

စစ်ကောင်စီဘက်က ဒေသတွင်း စစ်ရေး တိုးမြှင့်မှုများနှင့် ULA/ AA တပ်ဖွဲ့၏ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ကိစ္စရပ်များ အပေါ် ဟန့်တား ပိတ်ပင်မှုများ ရှိနေသည့် အတွက် ယခုလပိုင်းအတွင်း စစ်ရေး အခြေအနေ တင်းမာလာကာ ထိပ်တိုက် တွေ့နိုင်သည့် အခြေအနေရှိကြောင်းလည်း AA ပြောခွင့်ရသူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ULA/AA

#စစ်တပ်ထုတ်ကုန်

#boycott

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly