ပင်းတယမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဘက် အကျအဆုံးရှိ ဟုဆို

By စန်းကျိန်
05 April 2022
ပင်းတယမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဘက် အကျအဆုံးရှိ ဟုဆို

ဧပြီ ၅

ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ရွာငယ်ရပ်ကွက်ရှိ မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဧပြီလ ၄ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်က စစ်ကောင်စီတပ်နှင့် PDF ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး PDF နှစ်ဦး ကျဆုံးကြောင်း ဒေသခံများက ဆိုသည်။

''မနေ့က PDF နှစ်ယောက် ဆိုင်ကယ်နဲ့ ဂိတ်အဖြတ်မှာ စစ်ကောင်စီဘက်က Tool Box ဖွင့်ခိုင်းတယ်တဲ့။ အတင်းဖွင့်ခိုင်းတော့ ဖွင့်ခိုင်းတဲ့ စစ်ကောင်စီတပ်သားကို ခါးထဲထည့်လာတဲ့ အတိုနဲ့ပစ်ပြီး ထွက်အပြေးမှာ နောက်ကနေ အပစ်ခံရပြီး ထိတယ်ကြားတယ်။ အခုထိတော့ အလောင်းတွေ ရင်ခွဲရုံမှာပဲ ရှိသေးတယ်တဲ့။ မနေ့ကတော့ အလောင်းတွေ လာလုမှာစိုးလို့ စစ်ကောင်စီတပ်သား ၃၀ လောက် ချထားတယ်။ ခုမနက်တော့ မရှိတော့ဘူးလို့ ကြားတယ်'' ဟု ပင်းတယ ဒေသခံက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် People's Voice တယ်လီဂရမ် ချန်နယ်လ်တွင် ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးစဉ် လူငယ်နှစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အသေ ဖမ်းဆီးခဲ့ပြီး Newington NH USA ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ မှတ်ပုံတင် တစ်ခုနှင့် Redmi ဖုန်း နှစ်လုံး သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

ကျဆုံးသွားသော PDF ရဲဘော် နှစ်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း မြေအောက် တော်လှန်ရေးအဖွဲ့တစ်ခုမှ ရဲဘော်များ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် ညပိုင်းတွင် ရွာသစ်ရပ်ကွက်နေ လူငယ်တစ်ဦး အဖမ်းခံရကြောင်း ယနေ့ မနက်တွင်လည်း စစ်ကား ရဲကားများ အသွားအလာ များကြောင်း ဒေသခံများထံက သိရသည်။

#Mizzima

#ပင်းတယမြို့နယ်

#PDF

#ရှမ်းပြည်နယ်

#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly