မြဝတီမြို့ရှိ NLD အမတ် ဦးသန့်ဇင်အောင်၏ ရွှေဆိုင်နှင့် မိဘနေအိမ်တို့ကို စစ်ကောင်စီချိပ်ပိတ်

မြဝတီမြို့ရှိ NLD အမတ် ဦးသန့်ဇင်အောင်၏ ရွှေဆိုင်နှင့် မိဘနေအိမ်တို့ကို စစ်ကောင်စီချိပ်ပိတ်

ဧပြီ ၅

စစ်ကောင်စီသည် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ် ဦးသန့်ဇင်အောင်၏ ရွှေဆိုင်နှင့်၎င်း၏ မိဘများနေထိုင်ရာ နေအိမ်တို့ကို ဧပြီ ၄ ရက်နေ့က ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

“ရွှေဆိုင်နဲ့ မိဘတွေရဲ့ နေအိမ်ကိုပါ ချိပ်ပိတ်သွားပါတယ်။ အိမ်မှာထားတဲ့ ရွှေဆိုင်က အပေါင်ပစ္စည်းတွေကိုပါ အတင်းအဓမ္မ သိမ်းဆည်းသွားပါတယ်။ ထောင်သွင်းအကျဉ်းချခံနေရတဲ့သူတွေ၊ အသက်ကိုပါ ပေးဆပ်လိုက်ရတဲ့သူတွေထက်စာရင် ကျနော်က အများကြီး ကံကောင်းနေပါသေးတယ်။ ချွေးနှဲစာစစ်‌စစ်နဲ့ ရှာဖွေထားတဲ့ ပစ္စည်းတွေအပါအဝင် ( ၇) ရက်သားသမီးများရဲ့ အပေါင်ပစ္စည်းတွေပါဝင်နေတာကြောင့် စားထိုက်ရင်တော့ စားကြပါဗျာ” ဟု ဦးသန့်ဇင်အောင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ပိုင်ဆိုင်သည့် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်ဈေးအနီးရှိ ရွှေရတီလင်းအာမခံရတနာရွှေဆိုင်ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ၅၂(က) အမှုတို့ဖြင့် သိမ်းဆည်းထားသည့် ရွှေဆိုင်ဖြစ်ကြောင်း ဗွီနိုင်းပိုစတာကပ်ကာ ချိပ်ပိတ်ခဲ့ပြီး ၎င်း၏ မိဘများနေထိုင်ရာ အိမ်ကိုလည်း ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီ က NLD လွှတ်တော်အမတ် ၉၃ ဦးအပါအဝင် ပါတီဝင်စုစုပေါင်း ၁၅၅ ဦး၏ နေအိမ်နှင့် အခြားပိုင်ဆိုင်မှုများကို စစ်ကောင်က ချိပ်ပိတ်ခဲ့ကြောင်း  မတ်လ ၁၈ ရက် ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်။
  
အာဏာသိမ်းစစ်ကောင်စီသည် NLD ပါတီဝင်များ၊ CDM ဝန်ထမ်းများ၊ သပိတ်ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်ပိုင်ဆိုင်မှုတို့ကို ချိပ်ပိတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။

#MizzimaTV
#NLDအမတ်
#ဦးသန့်ဇင်အောင်
#ရွှေဆိုင်
#ချိပ်ပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly