အင်းစိန်ထောင်အတွင်း ပုံစံထိုင်ရန်ငြင်းဆန်မှုဖြင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦး ထိုးကြိတ်ရိုက်နှက်ခံ ထားရ

အင်းစိန်ထောင်အတွင်း ပုံစံထိုင်ရန်ငြင်းဆန်မှုဖြင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦး ထိုးကြိတ်ရိုက်နှက်ခံ ထားရ

ဧပြီ ၅

အင်းစိန်အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံလျက်ရှိနေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာ ကြီးနယ်မြေ)ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်သူ ကိုခန့်သူအောင်သည် ပုံစံထိုင်ရန်ငြင်းဆန်မှုကြောင့် ထောင်အာဏာပိုင်များ၏ ထိုးကြိတ်နှိပ်စက်ရိုက်နှက်ခြင်းခံထားရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်အပတ်အတွင်းက ပုံစံထိုင်ရန်ငြင်းဆန်ခဲ့သည့်အတွက် အင်းစိန်ထောင်ဝန်ထမ်းများက ကိုခန့်သူ‌ အောင်ကို ထိုးကြိတ်နှိပ်စက်မှုများပြုလုပ်ထားခြင်းကြောင့် စိုးရိမ်ရသောအခြေအနေတွင်ရှိနေပြီး ထောင် ဝင်စာပို့ခွင့်မရခြင်းကြောင့် စိတ်ပူကြောင်း ၎င်း၏ အစ်မဖြစ်သူက မဇ္ဈိမသို့ပြောကြားသည်။

“သူအမိန့်ချခံရပြီး အဆောင်ပြောင်းရမယ်လို့ ညီမတို့သတင်းရတယ်။ ကျန်တဲ့ သူနဲ့ရုံးချိန်းတူသူတွေဆီက အဆက်အသွယ်ရပေမယ့် သူ့ဆီကလုံးဝမရဘူ။ စုံးစမ်းကြည့်တော့ ဝန်ထမ်းတွေကလည်း မသိဘူးဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ဒီနေ့(ဧပြီ ၄ရက်)ရုံးထုတ်တဲ့သူတွေက ရှေ့နေကိုမှာလိုက်တာက သူ အဆောင် ၅ မှာ ရောက်နေတယ်။ အဲဒီမှာ ပုံစံထိုင်ခိုင်းတာ မထိုင်လို့ ရိုက်နှက်ခံထားရတယ်။ ဒဏ်ရာလည်း အပြင်း အထန်ရထားတယ်။ ထောင်ဝင်စာလည်း အပိတ်ခံထားရတယ်လို့ ညီမတို့သိရပါတယ် ” ဟု ၎င်းက ဆိုသည်။

စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုခန့်သူအောင်သည် ၂၀၂၁ ခုနှစ် သင်္ကြန် ကာလအတွင်းက သင်္ကြန်သပိတ်သို့သွားရာတွင် ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခြင်းခံထားရသူဖြစ်သည်။ ထောင်ဒဏ်ချမှတ်ခံရပြီးနောက်တွင် ၎င်းအား နိုင်ငံရေးအကျဉ်းသားများ ကိုပို့လေ့ရှိသော အဆောင်များသို့ပို့ဆောင်ခြင်းမရှိဘဲ မုဒိန်းမှုဖြင့် ကျရောက်သူများကိုထားသည့် အဆောင် ၅ တွင်ထားခြင်းခံခဲ့ရသည်။

ကိုခန့်သူအောင် ယခုကဲ့သို့ နှိပ်စက်ခံရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး နယ်မြေ)ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဖြစ်သူက” ကျနော်တို့ရဲဘော်က အထဲမှာ အာဏာရှင်ပေါက်စ တွေရဲ့ပုံစံသွင်းမှုကိုတော်လှန်နေတဲ့အတွက် ကျနော်တို့အင်အားစုတွေကဂုဏ်ယူတယ်။ ဒါပေမယ့် အဲဒါရဲ့ နောက်ဆက်တွဲ နှိပ်စက်ခံရမှုတွေပေါ်မှာတော့ ထောင်အာဏာပိုင်တွေ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ပုံစံထိုင်ခိုင်းခြင်းဆိုသည်မှာ ရာဇဝတ်မှုကျူးလွန်သူများကို ထောင်မှ စည်းကမ်းကြပ်မတ်၍ ပုံသွင်းပြုပြင် ခြင်းဖြစ်သည့်တွက် ကိုခန့်သူအောင်အနေဖြင့် ပုံစံထိုင်ခြင်းကို အချုပ်ကျစဉ်ကပင် ငြင်းဆန်ခဲ့ကြောင်း ၎င်း၏အစ်မဖြစ်သူကပြောသည်။ လက်ရှိအချိန်တွင် နှိပ်စက်ခံထားရသူကိုခန့်သူအောင်ကို မိသားစုဝင် များအနေဖြင့် များစွာစိတ်ပူနေရပြီး အမြန်ဆုံးထောင်ဝင်စာရရှိရန် မျှော်လင့်လျက်ရှိနေကြသည်။

“ဒဏ်ရာအပြင်းအထန်ရမှုပေါ်မှာ ဆေးကုသခွင့်ကမရဘူးဆိုရင် ညီမတို့က ထောင်ဝင်စာကနေတဆင့် လို တာတွေပို့ပေးလို့ရမယ်။ အခုက ထောင်ဆေးရုံမှာကလည်း ဆေးဝါးမလုံလောက်ဘူးလို့ သိရတယ်။ အဲဒီ အတွက် ဒီတပတ်အတွင်းထောင်ဝင်စာပို့ခွင့်ရချင်ပါတယ်။ အဆောင်ပြောင်းခွင့်လည်း ရချင်ပါတယ်” ဟု ကိုခန့်သူအောင်၏ အစ်မကပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တော်လှန်ရေးလုပ်ငန်းများ ကို လုပ်ဆောင်နေသူများကိုဖမ်းမိသည့်အခါများတွင် စစ်ကြောရေးစခန်းများတွင် ပြင်းထန်စွာ နှိပ်စက် ခြင်းများပြုလုပ်သကဲ့သို့ ထောင်အသီးသီးသို့ရောက်သည့်အခါများတွင်လည်း နိုင်ငံရေးအကျဉ်းသားများ နှင့် မသက်ဆိုင်သောအလုပ်များခိုင်းခြင်းဖြင့် စိတ်ပိုင်းရာတိုက်ခိုက်မှုများပြုလုပ်ကြောင်း ထောင်တွင်းမှ ပေးစာများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ တဆင့်သိရှိရသည်။

#Mizzima

#ကိုခန့်သူအောင်

#ကျောင်းသားသမဂ္ဂ

#နိုင်ငံရေးအကျဉ်းသား

#အင်းစိန်ထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required