အင်ဒိုနီးရှား အစွန်းရောက်အုပ်စုများ သြစတြေးလျနှင့် ဆီးရီးယားတို့မှ ရန်ပုံငွေရရှိဟုဆို

အင်ဒိုနီးရှား အစွန်းရောက်အုပ်စုများ သြစတြေးလျနှင့် ဆီးရီးယားတို့မှ ရန်ပုံငွေရရှိဟုဆို

ဂျာကာတာ၊ ဇန်နဝါရီ ၂၆ ။           ။ အင်ဒိုနီးရှားရှိ အစွန်းရောက်အုပ်စုများသည် ဆီးရီးယားနှင့် သြစတြေးလျတို့မှ လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ လက်ခံရရှိခဲ့သည်ဟု အင်ဒိုနီးရှား၏ နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးရာညိနှိုင်းရေးဝန်ကြီး လူဟတ်ပန်ဂျိုင်တန်က ဇန်နဝါရီ ၂၅တွင် ပြောကြားခဲ့သည်။

အန်တာရာနျူးစ်မှ သတင်းတစ်ခုအရ အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀မှ သြစတြေးလျဝင်လာပြီး ကျန်ငွေများကို ဆီးရီးယားနိုင်ငံ ရာကာမြို့မှ လွှဲပို့ခြင်းဖြစ်သည်။ ဆီးရီးယားတွင် အင်ဒိုနီးရှား လူမျိုးရာပေါင်း များစွာမှာ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများအဖြစ် အိုင်အက်စ်သို့ ဝင်ရောက်ခဲ့သည်ဟုလည်း သိရသည်။

"ကျွန်တော်တို့ရဲ့ အရာရှိတွေက အခုဆိုရင် ရန်ပုံငွေထောက်ပံ့မှုတွေကို အနီးကပ်စောင့်ကြည့် စစ်ဆေးနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘဏ္ဍာငွေထောက်ပံ့မှု မရှိဘဲအကြမ်းဖက် သမားတွေဟာ ရန်လိုတဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်မယ်မထင်ဘူး"ဟု စင်ကာပူတွင် ပြုလုပ်သော လုံခြုံရေးကွန်ဖရင့်တွင် မစ္စတာလူဟတ်က ပြောသည်။

ဇန်နဝါရီ ၁၄က မြို့တော်ဂျာကာတာတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုတွင် အသုံးပြုသော လက်နက်များမှာ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုမှ ခိုးသွင်းခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးကပြောသည်။ မွတ်စလင်များကြီးစိုးရာ မင်ဒါနာအိုတွင် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် ခွဲထွက်ရန် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသည်။ ထို့အပြင် ဒေသတွင်းစစ်သွေးကြွ နယ်ပယ်တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly