သီရိလင်္ကာတွင် သမ္မတနှင့် ဝန်ကြီးချုပ်ကလွဲ၍ အစိုးရအဖွဲ့တစ်ရပ်လုံး နုတ်ထွက် 

သီရိလင်္ကာတွင် သမ္မတနှင့် ဝန်ကြီးချုပ်ကလွဲ၍ အစိုးရအဖွဲ့တစ်ရပ်လုံး နုတ်ထွက် 
Photo - AFP

ဧပြီ ၄

သီရိလင်္ကာတွင် ဖိစီးမှု များလာသော စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အာဏာရ နိုင်ငံရေးအုပ်စုက ကြိုးပမ်းနေရချိန် သမ္မတနှင့် ၎င်း၏ ညီအစ်ကိုတော်စပ်သူ ဝန်ကြီးချုပ်တို့ကလွဲ၍ အစိုးရအဖွဲ့တစ်ရပ်လုံးသည် တနင်္ဂနွေနေ့တွင် ရာထူးမှ နုတ်ထွက်ကြပြီ ဖြစ်သည်။ 

အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများကို ဟန့်တားနိုင်ရေးအတွက် လူမှုမီဒီယာကို ပိတ်ပင်ခြင်းကလည်း ထိရောက်မှု မရှိပေ။ 

တောင်အာရှ သီရိလင်္ကာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဗြိတိန်နိုင်ငံထံမှ လွတ်လပ်ရေး ရချိန်ကစကာ အဆိုးဝါးဆုံးသော စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး စံချိန်တင်ငွေကြေးဖောင်းပွမှုနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းတို့နှင့်အတူ အစားအစာ၊ လောင်စာနှင့် အခြား မရှိမဖြစ် ကုန်စည်များ အတော်လေး ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာနှင့် ၎င်း၏ အစ်ကို ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပတ်စာကလွဲ၍ ဝန်ကြီး ၂၆ ဦးစလုံးက ညပိုင်းအစည်းအဝေး၌ ရာထူးမှ နုတ်ထွက်စာကို တင်ခဲ့ကြကြောင်း ပညာရေးဝန်ကြီး ဒင်နက်ရှ် ဂူနာဝါဒီနာက သတင်းထောက်များအား ပြောသည်။ 

ထို လုပ်ရပ်ကြောင့် သမ္မတအနေဖြင့် တနင်္လာနေ့တွင် အစိုးရအဖွဲ့အား အသစ်ခန့်အပ်ရတော့မည်ဖြစ်ပြီး ယခု နုတ်ထွက်သူများမှ အချို့မှာ ပြန်လည်ခန့်အပ်ခံရဖွယ် ရှိသည်။ 

မြို့တော် ကိုလံဘိုရှိ သမ္မတ အိမ်တော်ရာသို့ လူအုပ်စုက ဝင်ရောက်စီးနင်းရန် ကြိုးပမ်းမှုဖြစ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး တနင်္လာနေ့ နံနက်ပိုင်းအထိ နိုင်ငံတစ်ဝန်း ကာဖျူးမိန့် ထုတ်ပြန်ထားချိန်၌ ယခုကဲ့သို့ အစိုးရအဖွဲ့ နုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

ပြည်သူများ၏ ဆန္ဒပြမှုများကို နှိမ်နင်းနိုင်ရေးအတွက် လူမှုမီဒီယာ ပိတ်ပင်မှုကို သီရိလင်္ကာ၏ အဓိက အတိုက်အခံ မဟာမိတ်ဖြစ်သော SJB ပါတီက အစောပိုင်း၌ ရှုတ်ချပြီး အစိုးရအဖွဲ့ နုတ်ထွက်ရမည့် အချိန်ပဲဟု ပြောဆိုသည်။ 

“သမ္မတ ရာဂျာပတ်စာအနေနဲ့ အခု ရေစီးကြောင်းဟာ သူ့ရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်မှုကို ပြောင်းလဲပစ်လိုက်ပြီဆိုတာ နားလည်သဘောပေါက်ရင် ကောင်းမယ်”ဟု SJB ပါတီမှ လွှတ်တော်အမတ် ဟာရှာ ဒီ ဆေဗာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly