ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျရောက် ပေါက်ကွဲ

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျရောက် ပေါက်ကွဲ

ဧပြီ ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၊ ထီးသဲကလိုးကျေးရွာရှိ လူနေအိမ်ပေါ်သို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲရာ နေအိမ် ပျက်စီးသွားကြောင်း KNDF တပ်ရင်း (၁၀) က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ လက်နက်ကြီးကျည် ယနေ့ ဧပြီ ၄ ရက် နံနက် ၄ နာရီခန့်တွင် ထီးသဲကလိုးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ကျေးရွာများကို “အကြမ်းဖက် စစ်ကောင်စီတပ်မှ ရည်ရွက်ချက်ရှိရှိ” ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဆိုသည်။

ယင်းလက်နက်ကြီးကြောင့် နေအိမ်တစ်လုံးပျက်စီးကာ လူထိခိုက်မှု မရှိသော်လည်း အိမ်မွေးခွေး တစ်ကောင် သေဆုံးပြီး လမ်းဘေး ဓာတ်တိုင်များသို့ လက်နက်ကြီးအစ ထိမှန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၃ ရက် နံနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါစဲကျေးရွာမှနေအိမ်တစ်ချို့ ပျက်စီးခဲ့ပြီး မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် ဒေါခူလီကျေးရွာရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီးဖြင့် ပစ်ခတ်မှုများမှာ ပြောက်ကျားတပ်ဖွဲ့ဝင်များကိုမထိမှန်ဘဲ အရပ်သားနေအိမ်များ ထိမှန်ပျက်စီးနေကြောင်း ဒေသခံများက ပြောကြားသည်။

အာဏာ သိမ်းပြီး နောက် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင် နေရသည်။

ဓာတ်ပုံ- ပျက်စီးသွားသော အိမ်များနှင့် KNDF စစ်သားတစ်ဦးကို တွေ့ရစဉ်

#Mizzima

#ကရင်နီပြည်နယ်

#ဒီးမော့ဆို

#လက်နက်ကြီးကျည်

#စစ်ေးဒုက္ခသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly