မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ တိုက်ပွဲ ပြင်းထန်နေပြီး လမ်းပိတ်ဆို့နေ

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ တိုက်ပွဲ ပြင်းထန်နေပြီး လမ်းပိတ်ဆို့နေ

ဧပြီ ၄

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ ယနေ့ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး လမ်းပိတ်ဆို့ နေကြောင်း ခရီးသွား ပြည်သူများထံက သိရသည်။

“တိုက်ပွဲက မနက်က စဖြစ်နေတာ။ လက်နက်ကြီးရော လက်နက်ငယ်တွေရာ ပစ်နေတာ။ တောနော် ရေတံခွန်နားက တံတားကျိုးထားတဲ့နေရာ ဗေလီတံတားနားမှာ ကားလေးစီး မီးလောင် နေတယ်ဗျ။ အခုကျွန်တော်တို့ ဆက်သွားလို့ မရတော့ဘူး။ ကားလေးတွေ အကုန်ပြန်ဆင်းလာပြီ။ ကားကြီးတွေက ကွေ့လို့ မလွယ်လို့ ရပ်နေရတယ်။ ကားပေါ်ပါလာတဲ့သူတွေ အခု မြောင်းထဲမှာဝပ်နေရတယ်။ အစိုးရ သတင်းစာမှာ ရေးထားတာ မမှန်ဘူး ”ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ယနေ့ထုတ် စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်မူ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ မော်တော်ယာဉ်များ ပုံမှန် သွားလာနေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို တပ်အင်အား တိုးချဲ့နေခြင်းကြောင့် ပြည်သူများအနေဖြင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အသုံးပြု ကူးသန်းရောင်းဝယ်မှုများကို မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ယာယီ ရပ်နားထားရမည်ဟု ကရင် အမျိုးသားအစည်းအရုံး(KNU) က မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

မြဝတီ-ကော့ကရိတ် အာရှ လမ်မကြီး၌ မတ်လ ၂၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး ခုနှစ်ရက်အတွင်း အိမ်စီးကား၊ လရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ကား ၁၀ စီးထက်မနည်း မီးရှို့ ခံထားရသည့်အပြင် အမျိုးသားတစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့သည်။

#Mizzima

#အာရှလမ်းမ

#KNLA

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required