နိုင်ငံခြားငွေ ဒေါ်လာဈေးဗဟိုဘဏ်သတ်မှတ်နှုန်း ၁,၈၅၀ ကျပ်ဖြင့် မြန်မာကျပ်ငွေ စာရင်းထည့်သွင်းရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

နိုင်ငံခြားငွေ ဒေါ်လာဈေးဗဟိုဘဏ်သတ်မှတ်နှုန်း ၁,၈၅၀ ကျပ်ဖြင့် မြန်မာကျပ်ငွေ စာရင်းထည့်သွင်းရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဧပြီ ၄

ပြည်ပမှ ၀င်ရောက်သည့်နိုင်ငံခြားငွေများကို ရောက်ရှိလာသည့်နေ့မှ တစ်ရက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ဗဟိုဘဏ် သတ်မှတ်နှုန်း ၁၈၅၀ ကျပ်ဖြင့် မြန်မာကျပ်ငွေစာရင်းသို့ထည့်သွင်းရမည်ဟု ဗဟိုဘဏ်က ဧပြီလ ၃ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် မှောင်ခိုဈေးကွက်ထပ်မံပေါ်ပေါက်လာနိုင်ပြီး၊ ဒေါ်လာငွေရှားပါးမှုနှင့် ဈေးတက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ငွေလဲနှုန်းအပြောင်းအလဲရှိပါက ထပ်မံကြေညာသွားမည်ဖြစ်ပြီး၊ ယနေ့ ဧပြီလ ၄ရက်နေ့မှ စတင်၍ နိုင်ငံခြားသုံးငွေများ ပြည်ပသို့လွှဲပြောင်းခြင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ပေးရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

လက်ရှိ ပြင်ပငွေလဲကောင်တာများတွင် ဧပြီလ ၃ရက်နေ့ ငွေလဲနှုန်းများအရ အမေရိကန် တစ်ဒေါ်လာကို ပျမ်းမျှ အရောင်း ၁,၇၈၂ကျပ်နှင့် အဝယ် ၁,၇၇၇ ကျပ်တို့ဖြင့်ရောင်းချနေတယ်လို့ သိရပြီး အဆိုပါ ငွေလဲနှုန်းများမှာ ဗဟိုဘဏ်ငွေလဲနှုန်းအတိုင်း ဖြစ်သည်ဟု သိရသည်။

"ငွေလဲကောင်တာတွေအားလုံးနီးပါး ဗဟိုဘဏ်ဈေးနဲ့အတူတူပဲ။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ အဲ့ဒီငွေလဲနှုန်းနဲ့ အရောင်းအဝယ်မဖြစ်လောက်ဘူးထင်တယ်။ လူမှုကွန်ရက်က ဒေါ်လာငွေလဲတဲ့ဂရုတွေမှာအရောင်းအဝယ်ပြုလုပ်ကြတာများတယ်။ ဈေးလည်းမတူဘူးလေ ဒီနေ့ ဧပြီ ၃ရက် ငွေလဲနှုန်းဆိုရင် ၂,၀၅၀၊ ၂,၀၆၀ လောက်ရှိတယ်" ဟု အမည်မဖော်လိုသည့်ပြည်သူတစ်ဦးကပြောသည်။

ဗဟိုဘဏ်ငွေလဲနှုန်းဖြင့်လဲလှယ်ပေးနေသည့် ပြင်ပငွေလဲကောင်တာများနှင့် ပြည်ပမှ ၀င်ရောက်သည့်နိုင်ငံခြားငွေများကို တစ်ရက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ဗဟိုဘဏ် သတ်မှတ်နှုန်း ၁၈၅၀ကျပ်ဖြင့် မြန်မာကျပ်ငွေစာရင်းသို့ထည့်သွင်းရမည်ဟု ပါရှိသည့် ထုတ်ပြန်ချက်များအပေါ် အခြေခံပြီး သုံးသပ်ချက်အချို့ကို ဖော်ပြပေးလိုက်ရပါသည်။

"အပြင်ပေါက်ဈေး နှစ်ထောင်ကျော်နေတာမျိုးက မတ်လ နောက်ဆုံးပတ်လောက်ထိရှိခဲ့တယ်။ ဒါမယ့် ဧပြီလဆန်းလည်းရောက်ရော money changerတော်တော်များများ ဗဟိုဘဏ်ဈေး‌နဲ့ပဲ၀ယ်တော့တယ်။ ဥပမာ- city exchangeဆိုဗဟိုဘဏ်ဈေးနဲ့ပဲ၀ယ်လာတာတော်တော်ကြာပြီ။သူ့ဆီကနေတော့ ပြန်မရောင်းဘူး။ အခုတော့ ဗဟိုဘဏ်ဈေးနဲ့တူသွားတော့ ဘာပြဿနာရှိသွားလဲဆိုတော့ ဒေါ်လာရှားသွားမယ်။ လူတွေက ထုတ်မရောင်းတော့ဘူးအဓိကက တိုင်းပြည်ကနိုင်ငံခြား၀င်ငွေမှမရှိတာ။ ငွေဈေးကိုအသားကုန်ထိန်းလည်း အစစအရာရာက ဈေးတက်နေတာ။ ကြာကြာထိန်းနိုင်မယ်မထင်ဘူး။မှောင်ခိုဈေးကွက်တော့ အခုပျောက်နေပေမယ့် ပြန်ပေါ်လာမယ်လို့ထင်တယ်" ပြည်သူတစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။

"အဲ့တော့ USD လိုအပ်ချက်က သူတို့မှ မဟုတ်ဘူး ပုံမှန်ပြည်သူတွေဆီမှာလည်း ရှိတာပဲ လူငယ်တွေ Game တွေဆော့တာက အစ တချို့ဆို Game ထဲမှာ လိုအပ်တာတွေကို USD နဲ့ပဲ ပေးဝယ်ပီး trade လုပ်နေရတာ၊ တခြား ကျောင်းကိစ္စ Export/Import ကိစ္စတွေကလည်း ရှိသေးတော့ Earning ကို ခုလိုတွေ လုပ်ပစ်လိုက်တော့ အပြင် Black Market မှာ away နဲ့ USD အရွက်စျေးက တက်ဖို့ပဲ ရှိတော့မယ် ထင်ပါတယ်" ဟု ပြည်သူတစ်ဦးကလည်း ထပ်မံသုံးသပ်ပေးထားသည်။

အဆိုပါ သုံးသပ်ချက်များနှင့်ပတ်သက်ပြီး မဇ္ဈိမက ပြင်ပငွေလဲကောင်တာတချို့ကို ဆက်သွယ်ရာတွင် ယခုကဲ့သို့ တုံ့ပြန်ပြောဆိုထားသည်။

"ကောလာဟလတွေကတော့ ထွက်နေတာပဲ။ ဒီနေ့ ကျွန်မတို့ကတော့ အရောင်း ၁,၇၈၂ကျပ်၊ အဝယ် ၁,၇၇၇ ကျပ်ပါပဲ။ အရောင်းအဝယ်ကတော့ အေးတယ်။ တက်မလား ကျမလားဆိုတာလည်း ခန့်မှန်းလို့မရဘူး" ဟု ငွေလဲကောင်တာတစ်ခုကလည်းဖြေကြားသည်။

ယင်းအပြင် နောက်ထပ် ငွေလဲကောင်တာတစ်ခုကို မေးမြန်းရာတွင် ငွေလဲနှုန်းနဲ့ပတ်သက်ပြီးဖြေကြားနိုင်ခြင်းမရှိဘူးဟု ပြန်လည်တုံ့ပြန်ပြောဆိုသည်။

"ဒီနေ့ဒေါ်လာဈေးက ဗဟိုဘဏ်ဈေးနဲ့အတူတူပဲ။ ငွေလိုနေတဲ့အချိန်နဲ့ တိုက်ဆိုင်တာနဲ့ ငွေသွားလဲတာ ၁,၇၈၀ ပဲရခဲ့တယ်" ဟု ပြည်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ထားသည်ကိုလည်းတွေ့ရသည်။

"အခုကတော့ ဈေးနည်းနည်းတက်နေတာပေါ့။ သင်္ကြန်တွင်းပြည်ပကိုခရီးသွားမယ့်သူတွေလည်းရှိနေတော့ ဒေါ်လာအဝယ်များနေတယ်။ သင်္ကြန်ပြီးရင်တော့ ဒေါ်လာဈေးနည်းနည်းကျမယ်လို့ ထင်တယ်။ဗဟိုဘဏ်ရဲ့စာကိုကြည့်ရတာ ဒေါ်လာကိုအတော်ထိန်းချုပ်ချင်ပုံရတယ်။ဒါပေမယ့် ဒေါ်လာအရွက်စျေးကွက်ကလည်းပျောက်သွားမှာမဟုတ်ဘူး။နိုင်ငံခြားသွားမဲ့သူတွေ ဆေးကုမဲ့သူတွေ ကိုယ့် personal ကိစ္စပစ္စည်းမှာမဲ့သူတွေဆိုရင်လည်း ဒေါ်လာအရွက်နဲ့ပဲအဆင်ပြေပါတယ်။ ဆိုတော့ အရွက်(မှောင်ခိုစျေးကွက်) black market ပဲပိုကြီးလားမလား ဒေါ်လာစျေးပဲပိုတက်မလား ကျမလားဆိုတာတော့ ဒီလာမဲ့တစ်ပတ်ဆိုရင် အနည်းနဲ့အများမြင်ရလိမ့်မယ်ထင်တယ်" ဟုလည်း ပြည်သူတစ်ဦးက ၎င်းရဲ့သုံးသပ်ချက်ကို မဇ္ဈိမထံ ပေးပို့ထားသည်။

ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်နှင့်ပတ်သက်၍ "အဓိကက ဝင်ထိန်းတယ် မမြင်ဘူးဗျ သူတို့ USD လိုအပ်ချက်တွေ အရမ်းများနေလို့ ဖြစ်မယ် ဝင်ထိန်းတယ်ဆိုရင် CBM က ဘယ်လောက်ရောင်းချပေးပါတယ်ဆိုပြီး ကြေညာလေ့ရှိပါတယ် ခုဟာက သူတို့ရောင်းပေးစရာလုံလုံလောက်လောက် မရှိတော့လို့ အတင်းအဓမ္မကို ဖိအားပေး(Force)သုံးပီး လုပ်တယ် ထင်တာပဲ" ဟု ပြည်သူတစ်ဦးကလည်း သုံးသပ်ပြောဆိုထားသည်။

#Mizzima

#နိုင်ငံခြားငွေ

#ဗဟိုဘဏ်

#မြန်မာကျပ်ငွေ

#မှောင်ခိုစျေးကွက်

#ငွေကြေးတန်းဖိိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly