တနင်္သာရီတိုင်းတွင် စစ်ကောင်စီပြုလုပ်မည့် သကြင်္န်ပွဲကို ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစု သတိပေး

By ကိုရွှေမြိတ်
02 April 2022
တနင်္သာရီတိုင်းတွင် စစ်ကောင်စီပြုလုပ်မည့် သကြင်္န်ပွဲကို ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစု သတိပေး

တနင်္သာရီ၊ ဧပြီ၊ ၂

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဦးဆောင် ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲခြင်း မပြုရန် တော်လှန်ရေးအင်အားစုက သတိပေးပြောဆိုလိုက်သည်။

“မြိတ်မြို့နေ ပြည်သူလူထု အနေနဲ့ တော်လှန် သင်္ကြန်မှာ ပါဝင်ပေးဖို့ စစ်ကောင်စီကကျင်းပမယ့် ရေကစားမဏ္ဍပ်အနား မသွားဖို့၊ ယိမ်းအက အဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ကို အထူး အလေးပေး တိုက်တွန်းလိုပါတယ်”ဟု မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-မြိတ်)က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကို တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်အလိုက်ကျင်းပရန် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အဆိုပါ သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် ပါဝင်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုကလည်း သတိပေးတိုက်တွန်း ပြောဆိုထားသည်။

မြိတ်မြို့ဒေသခံတစ်ဦးက “မြိတ်မှာတော့ သင်္ကြန် မဏ္ဍပ်တွေ စဆောက်နေပါပြီ တချို့ ရပ်ကွက်တွေမှာဆိုရင် မိသားစုမဏ္ဍပ်တွေ နေအိမ်တွေ အရှေ့မှာ အသီးသီးဆောက်လုပ်ဖို့ ဖိအားပေး ခံနေရတာမျိုးလည်း ရှိနေတယ်”ဟု ပြောသည်။

ထိုကြောင့် လက်ရှိမှာ တိုင်းဒေသကြီးအတွင်းရှိ မြိတ်၊ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် လည်း ဗဟိုမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

မတ်လ ၁၈ ရက်ကစ၍ ဝန်ကြီးချုပ်ဦးမြတ်ကို၏ အမိန့်ဖြင့် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေပြီး ပြည်သူလူထုကို သွေးဆောင်ဖျားယောင်း နေကြောင်း တော်လှန်ရေးအတွက် လှုပ်ရှားနေသူ လူငယ်တစ်ဦးက ဆိုသည်။

"ဒါက လှည့်ကွက်တစ်ခုသာ ဖြစ်တယ်၊ ၂၀၁၉ ကတည်းက ရပ်နားလိုက်ရတဲ့သင်္ကြန်ကို အခုမှ ထလုပ်တာ ပြည်သူတွေကို စည်းရုံးပြီး သူတို့ကို ထောက်ခံသူ များလာပြီလို့ ချပြချင်နေတာဖြစ်နိုင်တယ်"ဟု အဆိုပါလူငယ်က ပြောသည်။

ထားဝယ်မြို့နယ်တွင်လည်း စစ်ကောင်စီမှ ပြုလုပ် ကျင်းပမည့် သင်္ကြန်ပွဲတော်၌ ပြည်သူအားလုံး မပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော် ထားသည်။

စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်တွင် ပြည်သူများအားလုံး မပါဝင်ခြင်းဖြင့် သပိတ်မှောက်ကြရန်နှင့် မဏ္ဍပ်များနှင့် ခပ်ဝေးဝေးနေပေးခြင်းဖြင့် ကူညီကြဖို့ တိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုထားသည်။

အဆိုပါ သတိပေးချက်များကို လိုက်နာခြင်းမရှိ၍ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက ၎င်းတို့၏ အသက် အန္တရာယ်များကို တာဝန်ယူမည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများမှ သတိပေးပြောကြား ထားသည်။

ဓာတ်ပုံ - စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့ မဟာသင်္ကြန်ပွဲတော် ကျင်းပရန် စည်းဝေး ပြုလုပ်နေစဉ်

#Mizzima

#သင်္ကြန်ပွဲတော်

#တော်လှန်သင်္ကြန်

#တော်လှန်ရေးအင်အားစု

#မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly