ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိသွားမည်ဟု IKACC ထုတ်ပြန်

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိသွားမည်ဟု IKACC ထုတ်ပြန်

ဧပြီ ၂

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ အစိတ်အပိုင်းအဖြစ် လွတ်လပ်ရေးရရှိကတည်းကပင် တဆက် တစပ်တည်းပူးပေါင်းပါဝင်ခဲ့သည့်အတိုင်း နောင်တွင်လည်းဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း ကြား ကာလ ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ Interim Khumi Affairs Coordination Council (IKACC) က ဧပြီလ ၁ ရက် ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

“လက်ရှိနိုင်ငံရေးအခြေအနေမှာ မြို့နယ်တွင်းမှာနေထိုင်တဲ့ ပြည်သူတွေက စိတ်ပူနေတာတွေရှိတယ်။ တော်လှန်ရေးပြီးရင် ပလက်ဝက ဘယ်မှာရောက်သွားမလဲဆိုပြီးတော့၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ပလက်ဝက ချင်းပြည်နယ်ထဲမှာပဲရှိမယ်ဆိုတာကို ပြည်သူတွေကိုအသိပေးချင်တာ” ဟု IKACC  တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောကြားသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း တဆက်တစပ်ရှိနေမှုအား ထိခိုက်နိုင်စေသော မည်သည့် ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း အဆိုပါကြေညာချက်တွင်  ဖော်ပြထားသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် ၎င်းတို့အား ချင်း ၊ ချင်း (ခူမီး) ၊ ခူမီး (ချင်း) စသဖြင့် ရေးသားဖော်ပြခွင့်မရရှိတော့ပဲ ခမီး ၊ ခမီ အမည်များအား အတင်းအကြပ်ရေးသွင်းစေခြင်း ၊ ၂၀၁၀ - ၂၀၁၅ ခုနှစ်များတွင် ယင်းကိစ္စအား သက်ဆိုင်သူများကိုတင်ပြတောင်းဆိုသော်လည်း ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း မရှိကြောင်းနှင့် မူလအမည်အား ပြန်လည်ဖော်ပြနိုင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း ဖော်ပြထားသည်။

၂၀၁၈ နောက်ပိုင်း ခူမီးမျိုးနွယ်စုဝင်များသည် ချင်းလူမျိုးမဟုတ်ကြောင်း ဖိအားပေးသည့်ကြိုးပမ်းမှုများ ပေါ်ပေါက်ခဲ့ကြောင်းနှင့် ချင်းလူမျိုးစာရင်းမှ ဖယ်ရှားရန်ကျိုးစားခြင်းအား အမျိုးသားရန်သူအဖြစ်သတ် မှတ်ပြီး ပြတ်သားစွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း ချင်းလူမျိုးများမှာ လူနည်းစုများဖြစ်သည်ဟု နားလည်မှုလွဲမှားစွာ ပြောဆိုမှုများ ရှိနေပြီး အမှန်စင်စစ် လွန်ခဲ့သည့် ၁၈၂၄ ခုနှစ်က အင်္ဂလိပ်အား ခုခံတော်လှန်ချိန်မှစ၍ လွတ်လပ်ရေး ရပြီးချိန်တွင် ချင်းလူမျိုးများသည် ၉၀ ရာခိုင်နှုန်းကျော် ၊  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ  လူဦးရေ ၉၇၀၅၃ ရှိပြီး  ချင်းလူမျိုးများ ၈၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးများသည် ချင်းဓလေ့ ထုံးတမ်းများအပေါ်အခြေခံ၍ ဒီမိုကရေစီ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်သွား မည်ဖြစ်ကြောင်းဆိုသည်။

၁၈၂၄ ခုနှစ်တွင် ပလက်ဝမြို့အားသိမ်းပိုက်ရန် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော ဗြိတိသျှစစ်တပ်အား တောင်မင်းဆပန်၊ တောင်မင်းဆိန်ဒါ၊ တောင်မင်းဆိုက်ရုပ်၊ တောင်မင်းလဟောက်၊ တောင်မင်းဘောင်ဝိုက် စသည့် ခူးမီးချင်းမျိုးနွယ်စုအကြီးအကဲများဦးဆောင်မှုဖြင့် အပြင်းအထန်ခုခံခဲ့ သော်လည်း လက်နက်အင်အားချင်းမမျှသဖြင့် ၁၈၂၆ ခုနှစ်ဝန်းကျင်တွင် ဗြိတိသျှလက်အောက် ကျရောက်ခဲ့ရကြောင်း သိရသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးကြိုတင်ပြင်ဆင်မှုအဖြစ် ဗြိတိသျှပါလီမန်မှ ဖွဲ့စည်းပေးခဲ့သော နယ်ခြားဒေသ စုံစမ်းရေးကော်မတီနှင့်တွေ့ဆုံစဉ် ခူမီးချင်းမျိုးနွယ်စုများအပါဝင် ရခိုင်မြောက်ပိုင်းတောင်တန်းခရိုင် (Northern Arakan Hill District) မှ ကိုယ်စားလှယ်အဖွဲ့များသည် လွတ်လပ်ရေးရရှိပါက ချင်းတောင် တန်းဒေသနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ဖယ်ဒရယ်စနစ်ဖြင့်ပါဝင်မည်ဟု သဘောထား ပေးခဲ့သည့်အတိုင်း ပလက်ဝမြိုနယ်ဟူ၍ ချင်းဝိသေသတိုင်း (နောင်ချင်းပြည်နယ်) ၏ အစိတ်အပိုင်းအဖြစ် ရပ်တည်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

ကြားကာလ ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီအနေဖြင့် ပလက်ဝမြို့နယ်အတွင်း လွတ်လပ်ရေးမရခင်ကတည်းက အတူနေထိုင်လာသော ဒေသခံများအားလည်း ၎င်းတို့၏ရပိုင်ခွင့်နှင့် လုံခြုံမှုများအား ကာကွယ်ဆောင်ရှောက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ ထားသည်။  

#ချင်ပြည်နယ်
#ပလက်ဝမြို့နယ်
#ခူမီးချင်း
#Interim Khumi Affairs Coordination Council (IKACC)
#Northern Arakan Hill District
#ခူမီးချင်းမျိုးနွယ်စုရေးရာ
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly