ဒေါက်တာဇော်မြင့်မောင်အား စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုများအတွက် စွဲချက်တင်အမိန့်ချ

ဒေါက်တာဇော်မြင့်မောင်အား စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုများအတွက် စွဲချက်တင်အမိန့်ချ

ဧပြီ ၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှု နှစ်မှုအပါအဝင် အခြားစီးပွားရေးလုပ်ငန်းရှင် ဦးရဲမြင့်နှင့်ပတ်သက်၍ စွဲဆိုထားသော အဂတိအမှု တစ်မှုအတွက် အိုးဘိုအကျဉ်းထောင်တွင်းတရားရုံးက ဧပြီ ၁ ရက်တွင် စွဲချက်တင် အမိန့်တစ်ရပ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ယင်းအကျဉ်းထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမသို့ ပြောကြားသည်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိအမှု ငါးမှုရှိသည့်အနက် ယခု စွဲချက်အမိန့် ချမှတ်လိုက်သည့်အမှု သုံးမှုမှာ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့် ဦးရဲမြင့်တို့နှင့် ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ် (၆)၊ (၇)၊ (၈) အမှုတို့ဖြစ်သည်။ ယမန်နေ့ကပြုလုပ်ခဲ့သော ရုံးထုတ်ကြားနာ စစ်ဆေးမှုတွင် အမှုအတွက် တရားလိုပြသက်သေအဖြစ်လာရောက်ထွက်ဆိုရန် ပျက်ကွက်နေသည့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူကို တရားရုံးက သက်သေအဖြစ်မှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

“လာမယ့် အင်္ဂါနေ့မှာ တရားခံ(စွပ်စွဲခံရသူ)ဘက်ကို စစစ်ပါမယ်။ အဲ့ဒီနေ့မှာ ဒေါက်ဇော် (ဒေါက်တာ ဇော်မြင့် မောင်)ကို ကနဦး စစ်ပါမယ်။ ယခင်ကတည်းကလည်း အပြစ်မရှိကြောင်း ထွက်ဆိုထားတော့ အခုလည်း ဒီအတိုင်းဘဲ ထွက်ဆိုပါလိမ့်မယ်။ စွဲချက်အမိန့်ချတာက အဂလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ စွဲချက်တင်တာပါ။ သူ့ကျန်းမာရေးက ကောင်းနေတယ်လို့ ဆိုရမှာဘဲ။” ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ယင်းနေ့ ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင်၏ဇနီးဖြစ်သူအား ဝင်ရောက်ခွင့်မပေးခဲ့ဘဲ၊ ဒေါက်တာ ဇော်မြင့် မောင်မှာကြားသည့် အစာအသောက်အချို့ကိုသာ ပေးပို့ခဲ့ရသည်ဟုဆိုသည်။ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် နှင့် ပတ်သက်သည့် အမှုနှစ်မှုမှာ ဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ဆေးဝါးသွားရောက်ကုသစဉ် ဒေါ်လာ ၁၅၀,၀၀၀ ကို သုံးကြိမ်ခွဲ၍ လှူဒါန်းခဲ့သည့် အမှုတစ်မှုနှင့် ဆေးကုသပြီးပြန်လာစဉ် ဝန်ကြီးချုပ် လိုအပ်သည်များသုံးစွဲရန် မြန်မာကျပ်ငွေ သိန်း ၆၅၀ ကို နှစ်ကြိမ်ခွဲ၍ လှူဒါန်းခဲ့သည်ဆို သေ အမှုတို့ ဖြစ်သည်။

နောက်ထပ်အဂတိအမှုတစ်မှုမှာ ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်ဆိုသူက ၎င်း၏ တပည့် ဖြစ်သူ ကိုအောင်ဇော်ကိုမှ တစ်ဆင့် ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့သည်ဆိုသော အမှုတို့ ဖြစ်သည်။ ထို့ပြင် ယင်းနေ့ရုံးချိန်းတွင် ပြင်ဦးလွင်မြို့နှင့် မြင်းခြံမြို့တို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးမြေနေရာချထားပေးမှုတွင် အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော ရာကြီးမှုအမှတ် (၉)နှင့် (၁၀) အမှုအတွက်လည်း စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်ဟုဆိုသည်။

အသက် ၇၀ ကျော်အရွယ် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် သဘာဝဘေး ပုဒ်မ အမှုနှစ်မှုဖြင့် ထောင် ဒဏ် ၂ နှစ်၊ ဆူပူအောင်လှုံ့ဆော်စေမှု ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၄နှစ် ချမှတ်ခံ ထားရသည်။ လက်ရှိတွင် ဝန်ကြီးချုပ်အနေဖြင့် အဂတိအမှု ၅ မှုအပြင် ရွေးကောက်ပွဲကာလအတွင်း မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် မလျှော်သြဇာသုံးသည်ဟုဆိုကာ စွဲဆို ထားသော အမှု ၂ မှု တို့ကို ဆက်လက်တရားရင်ဆိုင်ရန်ကျန်ရှိနေသေးသည်။

#Mizzima

#မန္တလေးတိုင်း

#အဂတိအမှု

#ဒေါက်တာဇော်မြင့်မောင်

#အိုးဘိုအကျဉ်းထောင်

#စွဲချက်တင်အမိန့်ချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required