တောင်ကြီးမြို့နယ်တွင် နေအိမ်ပြင်ပထွက်ပါက မှတ်ပုံတင်မူရင်းနှင့် COVID-19 ကာကွယ်ဆေး လက်မှတ် ပါရှိရမည်ဟု စစ်ကောင်စီ သတ်မှတ်

By စန်းကျိန်
01 April 2022
တောင်ကြီးမြို့နယ်တွင် နေအိမ်ပြင်ပထွက်ပါက မှတ်ပုံတင်မူရင်းနှင့် COVID-19 ကာကွယ်ဆေး လက်မှတ် ပါရှိရမည်ဟု စစ်ကောင်စီ သတ်မှတ်

ဧပြီ ၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် မှတ်ပုံတင်မူရင်းနှင့် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ် ပါမှသာ အပြင်ထွက် သွားလာရမည်ဟု စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး ဝန်ထမ်းများက နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်ကို ယနေ့ ဧပြီ ၁ ရက်နေ့မှစ၍ လိုက်နာရမည် ဖြစ်ပြီး မြို့နယ် ကျော်လွန် ခရီး သွားလာမှု သာမက မြို့တွင်း သွားလာရာတွင် မှတ်ပုံတင်နှင့် ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် ကိုင်ဆောင်ရမှာဖြစ်ပြီး ထောက်ခံစာဖြင့် သွားလာခွင့် ပြုမည် မဟုတ်ကြောင်း ရပ်ကွက် အလိုက် အသံချဲ့စက်ဖြင့် လိုက်လံ ​ကြော်ငြာနေသည်ဟု ဒေသခံများထံမှ သိရသည်။

''တိရစ္ဆာန်တွေလို ပိတ်လှောင်ထားဖို့ ကြိုးစားနေတာပေါ့။ အပြင်ကို လွတ်လွတ်လပ်လပ်မှ ထွက်ခွင့် မရှိတာ။ တစ်တိုင်းပြည်လုံး ထောင်အတူတူ ကျတာပေါ့။ ဒီနိုင်ငံသား အားလုံးကို ထောင်ချလိုက်သည်လို့ ကြော်ငြာ တာပါပဲ။ ဘယ့်နှယ့် အိမ်ပြင် ထွက်တာ နိုင်ငံသား စိစစ်ရေးကဒ် ပါရမယ်လို့။ နိုင်ငံသားကဒ် ဆိုတာ မကြားဖူးတဲ့ တိုင်းရင်းသားတွေမှ အများကြီး။ ကိုယ့်မွေးသက္ကရာဇ် ကိုယ်တောင် မသိကြဘူး။ ဒီမနက်ထိတော့ မှတ်ပုံတင် စစ်တာတွေ ဘာတွေတော့ ဘာသံမှ မကြားရသေးပါဘူး'' ဟု တောင်ကြီးမြို့ခံက မဇ္ဈိမကို ပြောသည်။

မှတ်ပုံတင် မရှိသေးသူများနှင့် ကာကွယ်ဆေး မထိုးရသေးသူများ အတွက် အစီအစဉ် အဖြစ် စစ်ကောင်စီက အကြောင်းပြ သော်လည်း တော်လှန်ရေး လူငယ်များ ဖမ်းဆီးနိုင်ရေး လုပ်ဆောင်မှုအဖြစ် ဒေသခံများက သုံးသပ်သည်။

တောင်ကြီးမြို့နယ် အတွင်း စစ်ကောင်စီတပ်က ဧည့်စာရင်း အကြောင်းပြကာ နေအိမ်များကို ဖျက်ဆီး ဝင်ရောက်ခြင်း၊ သေနတ်ပြ ခြိမ်းခြောက်ခြင်း၊ သန်းခေါင်စာရင်းနှင့် နေထိုင်သည့် လိပ်စာ လွဲနေသူများကို ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ငွေ ကောက်ခံခြင်း၊ ဧည့်စာရင်း မတိုင်သူများအား ချက်ချင်း ဖမ်းဆီးပြီး ငွေပေးမှ ပြန်လွှတ်ပေးခြင်း စသည့် အဖြစ်အပျက်များ ရှိနေကြောင်း သိရသည်။

#Mizzima

#တောင်ကြီးမြို့နယ်

#မှတ်ပုံတင်

#COVID_19

#ဧည့်စာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required