မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း အမေရိကန်နှင့် စင်ကာပူ ပြော 

မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း အမေရိကန်နှင့် စင်ကာပူ ပြော 
Photo - AFP

မတ် ၃၀

မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဒေသတွင်း လုံခြုံရေးကို သက်ရောက်နေသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် စင်ကာပူနိုင်ငံတို့အနေဖြင့် အလွန်စိုးရိမ်ပူပန်ကြောင်း အင်္ဂါနေ့က အမေရိကန်-စင်ကာပူ ပူးတွဲခေါင်းဆောင်များ ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

“မြန်မာနိုင်ငံ၌ အရပ်သားများအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီးခံနိုင်ငံခြားသားများအပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ရန်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အတားအဆီးမရှိစေရန်နှင့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းဆီ ပြန်သွားရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း” အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

“မြန်မာပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး လွယ်ကူချောမွေ့စေရန် စင်ကာပူနှင့် အာဆီယံတို့၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းအား မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာစစ်တပ်အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါး ရပ်ကို အားချင်း အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း”လည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ပဋိပက္ခသည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို နှစ်များစွာ ပြောင်းပြန်လန်စေပြီး တရားမဝင် ဘဏ္ဍာရေးရာ ဘေးအန္တရာယ်များလည်း တိုးများလာသည်ကို အမေရိကန်နှင့် စင်ကာပူ နှစ်နိုင်ငံစလုံးက စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်၌ မှတ်ချက်ပြုထားသည်။ 

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် မတ် ၂၆ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘော ခရီးစဉ်အဖြစ် လက်ရှိ၌ အမေရိကန်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ 

ယခု ထုတ်ပြန်ချက်၌ ရုရှ၏ ယူကရိန်းအား ကျူးကျော်တိုက်ခိုက်ခြင်းအပါအဝင် နေရာတိုင်း၌ ကုလသမဂ္ဂ ပဋိညာဉ်နှင့် စည်းမျဉ်းအခြေပြု နိုင်ငံတကာဥပဒေစိုးမိုးမှုတို့ကို ခြိမ်းခြောက်နေမှုများ၊ နေရာတိုင်း၌ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေး ဘေးအန္တရာယ်များကိုလည်း နှစ်နိုင်ငံစလုံးက မှတ်ချက်ပြုခဲ့သည်။ 

“ယူကရိန်းက စစ်ပွဲဟာ ရှုတ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီးဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသကို အနုတ်သဘော သက်ရောက်နေပါတယ်၊ ၂၁ ရာစုရဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေဟာ ကျွန်တော်ကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေပြီ ဖြစ်ပါတယ်”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly