တောင်ကြီးမြို့၌ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ရင်း ငွေကောက်

By စန်းကျိန်
29 March 2022
တောင်ကြီးမြို့၌ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ရင်း ငွေကောက်

မတ် ၂၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ စစ်ကောင်စီတပ်က ဧည့်စာရင်း စစ်ရင်း ငွေကြေး ကောက်ခံ နေကြောင်း မြို့ခံများက မဇ္စျိမကို ပြောသည်။

တောင်ကြီးမြို့ ချမ်းသာ၊ ကံသာ ၊ကျောင်းကြီးစု၊ မြို့မ၊ ရေအေးကွင်း၊ သစ်တော၊ ပြည်တော်သာ အစ ရှိသည့် ရပ်ကွက်များ၌ ဧည့်စာရင်း မတိုင်ထားသူများ၊ သန်းခေါင်စာရင်းနှင့် နေထိုင်သည့် လိပ်စာ လွဲနေသူများကို တစ်ယောက် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ငွေ ကောက်ခံနေသည်ဟု ဆိုသည်။

''အမှန်တော့ အရင်ကတည်းက ယာယီ အိမ်ထောင်စု ဇယားဆိုတာတွေ ရှိတယ်လေ။ ခုကတော့ လုပ်ချင်တိုင်း လုပ်နေကြတာပေါ့။ ယာယီ အိမ်ထောင်စုဇယား ထုတ်ပေးတယ် ဆိုတာ သက်ဆိုင်ရာ ရပ်ကွက်က ယာယီ အသိမှတ် ပြုပေးတာပေါ့။ ဒါပေမယ့် ဒီဧည့်စာရင်းတို့ အိမ်ထောင်စု ဇယားတို့ ဆိုတာ နိုင်ငံသားတွေရဲ့ အခွင့်ရေးကို ပိတ်ပင်တာပါ။ နိုင်ငံသားတွေက နိုင်ငံတွင်းမှာ ဘယ်မှာ နေနေပေါ့။ ဘယ်သွားသွားပေါ့။ ဒါက နိုင်ငံသား ဖြစ်ခြင်းရဲ့ မွေးရာပါ အခွင့်ရေးပဲ '' ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက် ညကလည်း ပြည်တော်သာ ရပ်ကွက်ရှိ DNNA ကိုယ်ပိုင် အထက်တန်း ကျောင်းအုပ် ဆရာမ ဒေါ်နွဲ့နွဲ့အေးနှင့် အိမ်နီးချင်း ဖြစ်သည့် ၎င်း၏ တူမ ဖြစ်သူတို့ နေထိုင်ရာ အိမ်များကို ရဲအင်အား အလုံးအရင်းဖြင့် ဝင်ရောက် ရှာဖွေ မွှေနှောက်ကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားကြသည်ဟု ဆိုသည်။

‘’ ဒီ ဧည့်စာရင်း စစ်နေလို့လည်း အပိုပဲ။ ဘယ်နေရာမှာမှ အုပ်ချုပ်ရေးကော၊ တရားဥပဒေ စိုးမိုးရေးရော မလုပ်နိုင်ဘူး။ လုပ်နိုင်လောက်အောင်လည်း သူ့တို့ စစ်ကောင်စီ ကို ဘယ်ပြည်သူ ကမှ အသိမှတ် ပြုထားတာ မရှိဘူး။ ဓားမိုးထားလို့ ကြောက်နေလို့ လိုက်နာ နေကြတာ။ အဲ့တော့ ဧည့်စာရင်း စစ်တာထက် ပိုဆိုးတဲ့ အခွင့်ရေး ချိုးဖောက်တာတွေ အများကြီး။ ငွေကောက်တယ် ဆိုတာလည်း ရချင်လို့ကို ကောက်တာ'' ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။

#Mizzima

#တောင်ကြီးမြို့

#ဧည့်စာရင်း

#DNNAကိုယ်ပိုင်အထက်တန်းကျောင်း

#ငွေကောက်ခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly