ဘူးသီးတောင်မြို့နယ်၌ ဒေသခံ ၂ ဦး ထင်းခုတ်ရင်း မိုင်းထိ ၊ ၁ ဦး သေဆုံး

ဘူးသီးတောင်မြို့နယ်၌ ဒေသခံ ၂ ဦး ထင်းခုတ်ရင်း မိုင်းထိ ၊ ၁ ဦး သေဆုံး

မတ် ၂၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုတောင်တန်း၌ ထင်းခုတ်နေသည့် ဒေသခံ အမျိုးသား နှစ်ဦး မိုင်းထိ၍ တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းတို့၏ မိသားစုဝင် တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ် သိမ်းတောင်ပြင်ကျေးရွာမှ မာမာတ်ရော်ရှိတ် (၁၈) နှစ် နှင့် ဖရုံချောင်း ဒိုးတန်းကျေးရွာမှ ဟာဘီအူလာ (၂၀) နှစ်တို့ နှစ်ဦးသည် မတ်လ ၂၇ ရက်နေ့တွင် ထင်းစည်များကို ခုတ်ပြီး တောင်အောက်ခြေသို့ လှိမ့်ချရာ ထောင်ထားသည့်မိုင်းကို ထင်းစီးထိပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဟာဘီအူလာ၏ မိသားစုဝင်က ပြောသည်။

“ခြေနဲ့ နင်းတာ မဟုတ်ဘူး။ ထင်းစည်းကို အထက်ကနေ တောင်အောက်ကို လိမ့်ချတာ။ အဲဒီမှာ ထင်းက မိုင်းမှာ ကျတာကြောင်း တစ်ခါတည်း ပေါက်ပြီးတော့ ဖြစ်သွားတာပါ ”ဟု ၎င်းက ပြောသည်။

မာမတ်ရော်ရှိတ်မှာ ပေါက်ကွဲပြီး ငါးနာရီ အကြာ ရေလမ်းခရီးဖြင့် ဆေးရုံးသို့ သွားစဉ် လမ်းတွင် သေဆုံးသွားပြီး အာရာဂူလာ မှာ လက်ရှိ ဘူးသီးတောင်မြို့နယ် ဆေးရုံးကြီး၌ ဆေးကုသမှု ခံယူနေကြောင်း ဖရုံချောင်း ကျေးရွာသား တစ်ဦးက ဆိုသည်။

“ တစ်ယောက်ကတော့ သေသွားပါပြီ။ နောက်တစ်ယောက်က ဆေးရုံမှာ၊ ညာဘက် လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ ဒဏ်ရာက နည်းနည်း သက်သာနေတယ်လို့ သိရပါတယ်။ မိုင်းကတော့ စစ်တပ်က ထောင်ထားတဲ့ မိုင်းပါ။ မေယုတောင်တန်း အနောက်ဘက်မှာ စစ်တပ် ရှိတယ်။ စစ်တပ်ကလည်း အဲဒီကို မသွားဖို့ ပြောထားတာ ရှိတယ် ” ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မေယု တောင်တန်းရှိ ယင်းနေရာ အနီး တစ်ဝိုက်တွင် စစ်တပ်က စခန်း ချထားပြီး ထိုအနီးအနား တစ်ဝိုက် ဖြတ်သန်းသွားလာခြင်း မလုပ်ရန် ပြောထာကြောင်း ကျေးရွာသား များက ဆိုသည်။

မေယုတောင်တန်းအနီး ဖရုံးချောင်းဒိုးတန်း ကျေးရွာ၌ အိမ်ခြေ ၁၀၀ ခန့် နှင့် သိမ်းတောင်ပြင် ကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိကာ ကျေးရွာသား အများစုမှာ ထင်းခုတ်ပြီး မီးသွေး ဖုတ်ခြင်းနှင့် ဝါးခုတ်ခြင်းတို့ကို အဓိက လုပ်ကိုင်ကြသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်တော် (AA) နှင့် စစ်တပ်တို့ နှစ်နှစ်ကျော်ကြာ တိုက်ပွဲကြောင့် တောတောင်များကို မှီခိုပြီး လုပ်ကိုင် စားသောက် နေကြသည့် ပြည်သူများ မိုင်းအန္တရာယ်နှင့် မကြာခဏ ကြုံတွေ့ နေကြရသည်။ မြေမြုပ်မိုင်းနှင့် စစ်ကျန် လက်နက် ပေါက်ကွဲခြင်း တို့ကြောင့် သေဆုံးသူ ဦးရေ ၇၀ ကျော်နှင့် ဒဏ်ရာရရှိသလူဦးရေ၁၀၀ ကျော် အထိ ရှိနေပြီ ဖြစ်သည်။

#Mizzima

#ဘူးသီးတောင်မြို့နယ်

#မေယုတောင်တန်း

#ဒေသခံ

#မိုင်းထိ

#AA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required