စစ်ကောင်စီက ထောက်ပံ့ကြေးပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်း ရှိ ၊ မရှိ ကောက်ခံ

စစ်ကောင်စီက ထောက်ပံ့ကြေးပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်း ရှိ ၊ မရှိ ကောက်ခံ

မတ် ၂၉

ရန်ကုန်တိုင်းတွင် စစ်ကောင်စီက ထောက်ပံ့ကြေးများ ပေးအပ်မည်ဟု ဆိုကာ အိမ်ထောင်စုစာရင်း ရှိ ၊ မရှိ တောင်းခံလွှာများဖြင့် လိုက်လံ ကောက်ခံ နေသည်ဟု လှိုင်သာယာမြို့နယ်နေ ဒေသခံ အချို့က ပြောသည်။

ယင်းတောင်းခံလွှာကို ရပ်ကွက်များ အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ ပေးပို့နေပြီး၊ မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဖြည့်စွက် ပေးပို့ရမည်ဟု လိုက်လံ ကြေညာနေကြောင်း ဆိုသည်။

"ကျွန်မတို့ကို ထောက်ပံကြေး ပေးဖို့ စာရင်း ကောက်တာ ဆိုပြီး ပြောတယ်။ ကျွန်မတို့ ဆီမှာက လက်လုပ် လက်စား သမားတွေ ဆိုတော့ ထောက်ပံ့ကြေး ရဖို့ အလုအယက် ဖြည့်ပြီး ရပ်ကွက်ရုံးကို သွားပို့ နေကြတယ်။ အရင်လ ကလည်း ဆန်တစ်အိတ်ရတယ်။ အခု အဲ့ဒီထက် ပိုရမယ်လို့လည်း ပြောသွားတယ်" ဟု လှိုင်သာယာမြို့နယ်နေသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ပြီးခဲ့သည့်လက ယင်းမြို့နယ် အတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်စီ ပေးဝေခဲ့သည်။

"ဒီကောင်တွေ ပြည်သူကို အခုထိ လိမ်နေတုန်း။ အလိမ်ခံနေတဲ့ သူတွေကလည်း အခုထိ အလိမ်ခံ နေတယ်။ ကျွန်တော့် အထင်တော့ မြို့နယ်တွေမှာ နေထိုင်တဲ့ သူတွေရဲ့ သတင်း အချက်အလက်ကို ကောက်တာ ဖြစ်နိုင်သလို၊ သူတို့လုပ်မယ့် ရွေးကောက်ပွဲ အတွက် ဘယ်နေရာမှာ အသုံချမလဲ မသိတဲ့ ဒီလျှောက်လွှာ ပုံစံကို ဖြည့်ခိုင်းထားတာပဲ" ဟု ယင်းမြို့နယ်နေသူက သုံးသပ် ပြောဆိုသည်။

ယင်းတောင်းခံလွှာများကို ရန်ကုန်တိုင်း အတွင်း မြို့နယ်များ အလိုက် ကောက်ခံနေခြင်း ဖြစ်ပြီး၊ မြို့နယ် အချို့တွင် ကောက်ခံရသည့် အကြောင်းအရင်း မပြောဘဲ ဖြည့်စွက်၍ ရက်ကွက်ရုံးသို့ လာရောက် ပို့ဆောင်ရန်သာ ပြောကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ တောင်းခံသည့် ပုံစံသည် သန်းခေါင်းစာရင်း ပုံစံနှင့် အလား သဏ္ဍာန်တူကြောင်း ဒေသခံက ပြောသည်။

ယင်းတောင်းခံလွှာများ မည်သည့် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ကောက်ခံနေသည်ကို မသိရှိရသည့် အတွက် ရန်ကုန်မြို့နေ လူထုအကြား ဖြည့်စွက် ပေးပို့ရန် သင့် ၊ မသင့် ဝေဝါးနေကြောင်း သိရသည်။

#Mizzima

#လှိုင်သာယာမြို့နယ်

#သန်းခေါင်စာရင်း

#ကောက်ခံ

#ထောက်ပံ့ကြေး

#တောင်းခံလွှာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required