မြဝတီမြို့နယ်၊ ဝေါလေကျေးရွာ အနီးတိုက်ပွဲ စစ်ကောင်စီ တပ်သား ၆၁ ဦး သေဆုံး

မြဝတီမြို့နယ်၊ ဝေါလေကျေးရွာ အနီးတိုက်ပွဲ စစ်ကောင်စီ တပ်သား ၆၁ ဦး သေဆုံး

မတ် ၂၈

ကရင်ပြည်နယ် မြဝတီ - ဝေါလေ ကားလမ်းမပေါ်တွင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ဖြစ်ပွား ခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီ တပ်သား ၆၁ ဦး သေဆုံးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ် Cobra စစ်ကြောင်း တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေ ဖြစ်သည်။

“သူတို့ (စစ်ကောင်စီတပ်) ဒီဘက်ကို စစ်ကြောင်း ချီလာမယ်ဆိုတာ သတင်း ကြိုရတဲ့အတွက် လမ်းပေါ်မှာ မိုင်းထောင်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ သူတို့ မိုင်းမိတာနဲ့ ဒီဘက်က စနိုက်ပါ အဖွဲ့တွေကပါ ပစ်တော့ သူတို့ အထိနာသွားတာပါ။ သူတို့ အင်အားက ၃၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ဒီ မနက် နယ်မြေ ရှင်းလင်းရေး လုပ်တယ်။ တချို့ အလောင်းတွေတော့ သူတို့ ပြန်ဆွဲယူ သွားပါတယ်” ဟု Cobra စစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်မျိုးစုံ အလက် ၄၀ ကျော်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော် ဒေသကို ဖြတ်သန်း၍ ဖလူးကျေးရွာ ဘက်မှ ဝေါ်လေသို့ ကျူးကျော် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်မ (၄၄) နှင့် တပ်မ (၂၂) လက်အောက်ခံ ပူးပေါင်း စစ်ကြောင်းကို မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် Cobra စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝေါ်လေ ကားလမ်းမပေါ်က နှစ်ဖက်ထိတွေ့ တိုက်ပွဲသည် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီ တပ်ဘက်က အကျအဆုံးများပြီး ပိတ်မိ နေခဲ့သောကြောင့် Mi 2 စစ်ရဟတ်ယာဉ်၊ Mi 35 ရဟတ်ယာဉ် နှစ်စီးဖြင့် နှစ်ကြိမ် လာရောက် ပစ်ကူတိုက်ခိုက် ခဲ့သော်လည်း အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အလောင်းများသည် လမ်းမများပေါ် ပြန့်ကျဲနေသည်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့မြင်ရသည်။

KNU တပ်မဟာ (၆) နယ်မြေ ဖြစ်သော လေးကေ့ကော်နှင့် ကော့ကရိတ် မြို့နယ်တွင် စစ်ကောင်စီ ဘက်က အင်အား တိုးမြှင့်မှုများ ပြုလုပ်နေသည့် အတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းနှင့် မြဝတီ- ဝေါ်လေး ကားလမ်းမကို မတ်လ ၂၇ ရက်နေ့က စတင်ပြီး အသုံးပြု သွားလာခြင်း မပြုကြရန် KNU က သတင်း ထုတ်ပြန်ထားသည်။

#Mizzima

#Cobra စစ်ကြောင်း

#မြဝတီမြို့နယ်

#ဝေါလေကျေးရွာ

#တိုက်ပွဲ

#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly