ကန်ပက်လက် မြို့တွင်းတိုက်ပွဲ ရဲ သေဆုံး

ကန်ပက်လက် မြို့တွင်းတိုက်ပွဲ ရဲ သေဆုံး

မတ် ၂၇

ချင်းပြည်နယ်၊ ကန်ပက်လက် မြို့တွင်း တိုက်ပွဲ၌ စစ်ကောင်စီ ရဲတပ်သား တစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာ ရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)( CDF- Kanpetlet )က ယနေ့ မတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂၆ ရက်တွင် ကန်ပက်မြို့အတွင်း ကင်းပုန်းဝပ် နေရာ ယူထားသည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

တိုက်ပွဲအတွင်း မြို့မ ရဲစခန်းနှင့် အ.ထ.က ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်များက လက်နက် ကြီးငယ်များဖြင့် ပစ်ကူပေးခဲ့ပြီး လက်နက်ကြီး ကျရောက်မှုကြောင့် မြို့တွင်း နေအိမ် အချို့နှင့် အနီးနား ကျေးရွားများရှိ ပြည်သူနေအိမ် အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၅ ရက်နေ့ကလည်း CDF-Kanpetlet ၊ CDF-Mindat ၊ The youth Force ၊ Saw - PDF နှင့် ယောဒေသ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့အကြား နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ စမ္မသား ရွားဟောင်းအတွင်း ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း မင်းတပ်မြို့ ခ.လ.ရ (၂၇၄) တပ်ရင်းနှင့် ကျောက်ထု အမြောက်တပ်တို့က လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်း၊ သာလွန် အင်အားများဖြင့် ထိုးစစ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကာကွယ်ရေးတပ်များဘက်က ကျည် မလုံလောက်ခြင်း ၊လက်နက် အင်အား မမျှခြင်း ၊ ပြည်သူများ ထိခိုက်မည့် အရေးများကြောင့် CDF-Kanpetlet တပ်မဟာ ဌာနချုပ်ကို ယာယီ စွန့်လွှတ် ခဲ့ရသည်။

#Mizzima

#ကန်ပက်လက်မြို့

#တိုက်ပွဲ

#ရဲ

#CDF-Kanpetlet

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly