KNU တပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ ကျေးရွာ ၃ ရွာ စစ်ဘေးရှောင်နေရ

KNU တပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ ကျေးရွာ ၃ ရွာ စစ်ဘေးရှောင်နေရ

မတ် ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဝေါလေဒေသကို စစ်ကောင်စီတပ်မှ ယနေ့မတ်လ၂၅ရက်နေ့နံနက် ၁၁နာရီခွဲအချိန်ခန့်က ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ တပ်စခန်းကုန်း တစ်ခုဖြစ်သည့် ထီခိုကို KNUပူးပေါင်းတပ်မှ တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီမှ လေကြောင်းပစ်ကူပေးနေပြီး နီးစပ်ရွာကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“ထီခိုဘက်က စကစ(စစ်ကောင်စီ) စခန်းကုန်းကို ဒီဘက်က ဝင်တိုက်နေတယ်လို့ ကြားတယ် အဲ့ဒါကြောင့် လေကြောင်းကနေ ပစ်ကူပေးနေတာဗျ အခု အဲ့စခန်းနားမှာရှိတဲ့ ဖုတ်ပလထ၊ထီခိုနဲ့ ကနဲလေးကျေးရွာက သူတွေအကုန်တောထဲဆင်းပြေးနေရတယ် ဘာမှယူချိန်တောင်မရလိုက်ဘူး” ဟု PDFရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ၂၁ရက်နေ့ကလည်း စစ်ကောင်စီတပ် အခြေစိုက် မောခီးစခန်းကုန်းကို KNUပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ မတ်လ၂၄ရက်နေ့တွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ဖြင့် ဝေါလေဒေသကို ဝင်ရောက်ရန်ကြိုးပမ်းနေစဉ် လမ်းတစ်နေရာတွင် KNUပူးပေါင်းအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

KNUကရင်အမျိုးသားအစည်းအရုံးမှ မတ်လ ၇ရက် နေ့ရက်စွဲဖြင့် တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်တို့ ထွက်ခွာပေးရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို လိပ်မူ၍ စာပေးပို့သတိပေးခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွါးနေခြင်းဖြစ်သည်။

#ကရင်ပြည်နယ်

#မြဝတီခရိုင်

#KNU

#တပ်မဟာ(၆)

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required