မြောက်ကိုရီးယား တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ် 

မြောက်ကိုရီးယား တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ် 
Photo - REUTERS

မတ်လ ၂၄ ရက်

မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်တစ်စင်း လေထဲမှာပင် ပေါက်ကွဲမှု ဖြစ်ခဲ့သည့် မအောင်မမြင်ဖြစ်ခဲ့သော စမ်းသပ်မှု နောက်ပိုင်း သီတင်းတစ်ပတ်ခန့်အတွင်းမှာပင် အရှေ့ကမ်းရိုးတန်း ကမ်းလွန်သို့ သံသယဖြစ်ဖွယ် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ကို ကြာသပတေးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်စစ်တပ်များက ပြောသည်။ 

မြောက်ကိုရီးယားနိုင်ငံဆီမှ “အမျိုးအမည် မခွဲခြားနိုင်သည့် ဒုံးလက်နက်” ပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိရကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ဆိုသည်။ ယခု ပစ်လွှတ်မှုသည် တာဝေးပစ်ဒုံးကျည်ဟု ယူဆရပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM ဖြစ်နိုင်သည်ဟု တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ပြောကြောင်း ယွန်ဟတ်သတင်းက ဖော်ပြသည်။ 

၂၀၁၇ ခုနှစ်က စတင်ပြီး စမ်းသပ်ပစ်လွှတ်ခြင်း မရှိခဲ့သည့် ICBM ဒုံးကျည်က ယခု စမ်းသပ်ပစ်လွှတ်မှုတွင် ပါဝင်သလားဆိုခြင်းကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း အတည်မပြုပေ။ 

ယခု ပစ်လွှတ်မှုက ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်သည်ဟု ဂျပန်အစိုးရကလည်း ပြောသည်။ 

မတ် ၁၆ ရက်က မြောက်ကိုရီးယားနိုင်ငံသည် သံသယဖြစ်ဖွယ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာတွင် ပျံတက်ပြီးချင်း ခဏပို်င်းအတွင်းမှာပင် ပြုံယမ်းကောင်းကင်ယံ၌ ပေါက်ကွဲသွားပုံရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။ နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားက အကြီးဆုံး ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ရန် ကြိုးစားနေသည်ဆိုသော သတင်းများကြားမှာပင် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှု မအောင်မမြင် ဖြစ်ခဲ့ဟန် ရှိသည်။  

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် မြောက်ကိုရီးယားသည် ဂြိုဟ်တုလွှတ်တင်သည်ဟု ပုံဖျက်လျက် ICBM ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ပြင်ဆင်နေဖွယ်ရာရှိသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးထားသည်။ 

မကြာသေးသော ပစ်လွှတ်မှုများအပြီး၌ ထောက်လှမ်းရေး ဂြိုဟ်တုစနစ် အစိတ်အပိုင်းများကို စမ်းသပ်လျက်ရှိနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောလာခဲ့သည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်တို့၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန် မြောက်ကိုရီးယားအနေဖြင့် မကြာမီ ဂြိုဟ်တုများ လွှတ်တင်မည်ဟု ခေါင်းဆောင် ကင်ဂျုံးအွန်က ယခုလအတွင်း ပြောထားသည်။ 

ယခု ကြာသပတေးနေ့က ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံအတွက် ယခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ဖြစ်နိုင်ပြီး မကြုံဖူးသော အကြိမ်အရေအတွက်လည်းဖြစ်ကာ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ရှုတ်ချထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required