အဆိုတော် ပြံုးမြသွယ်၏ Hello December တေးသီချင်း MTV နေအိမ် နှင့် အောင်ပန်း ၊ ကလောတို့တွင် ရိုက်ကူး

အဆိုတော် ပြံုးမြသွယ်၏ Hello December တေးသီချင်း MTV နေအိမ် နှင့် အောင်ပန်း ၊ ကလောတို့တွင် ရိုက်ကူး

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ။             ။ အသက် ၁၁နှစ် ရှိပြီး အသက်အငယ်ဆုံး အဆိုတော်မလေး ပြုံးမြသွယ်က အွန်လိုင်းတွင် ဖြန့်ချိထားသည့်  Hello December တေးသီချင်းကို MTV အဖြစ် တောင်ကြီးရှိ ၎င်း၏နေအိမ် နှင့် အောင်ပန်း၊ ကလောတို့တွင် ဇန်နဝါရီ ၂၂ရက် နှင့် ၂၃ရက် တို့၌ ရိုက်ကူး ခဲ့သည်။

ထို သီချင်းကို အဆိုတော် G-Fireက ရေးသားပေးထားပြီး သီချင်း Audio CD ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက အွန်လိုင်းတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကာ MTV ရိုက်ကူးမှုကိုတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရိုက်ကူးခြင်း ဖြစ်သည်။

အဆိုတော် ပြုံးမြသွယ်က “MTV ရိုက်ဖို့ စီစဉ်ထားတာတော့ ကြာပါပြီ။ ဒါပေမယ့် သမီးက ကျောင်းတစ်ဖက် နဲ့ ဆိုတော့ အခု တစ်လပိုင်းကျမှ စီစဉ် ဖြစ်သွားတာပါ။ MTV ကိုတော့ သမီးရဲ့ အိမ် နဲ့ အောင်ပန်း ၊ ကလောမှာ သွားရိုက်ကူးမှာပါ”ဟု ပြောသည်။

ရိုက်ကူး/တည်းဖြတ်-ယဉ်မွန်ခိုင်၊ သတင်း-ပန်းမြတ်ဇော်

MTV ကို ဒါရိုက်တာ ဟိန်းကိုက ရိုက်ကူးပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုတော် ပြုံးမြသွယ်သည် တေးသီချင်းကို ၂တန်း အရွယ်မှ စတင်ကာ သီဆိုခဲ့ပြီး တေးရေး၊ တေးဆို ဆောင်းဦးလှိုင် ရေးသားပေးထားသည့် အောင်သပြေပန်းနဲ့လန်း သီချင်းကို စတင် သီဆိုဖြစ်ခဲ့ကာ နောက်ပိုင်းတွင် တေးသီချင်းများ ဆက်တိုက် ဆိုဖြစ်ခဲ့သည်။

၎င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်ကိုလည်း ထွက်ရှိရန် စီစဉ်ထားပြီး ထို တစ်ကိုယ်တော် အခွေတွင် Rap သီချင်းအများစုကို ထည့်သွင်းသွားမည် ဖြစ်ကာ ၎င်း နှင့် အဆိုတော် G-Fatt တို့ သီဆိုထားသည့် စစ် သီချင်းကိုလည်း တစ်ကိုယ်တော် အခွေတွင် ထည့်သွင်းရန် စီစဉ် ထားသည်။

အဆိုတော် ပြုံးမြသွယ်သည် တေးသီချင်း သီဆိုမှု အပြင် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသည့် အလီဘာဘာ နှင့် ခိုးသား ၅ယောက် ရုပ်ရှင် ဇာတ်ကား၊ ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ရုပ်ရှင် ဇာတ်ကားကြီး တို့တွင် ပါဝင် သရုပ်ဆောင်ထားသည်။

Hello December တေးသီချင်း MTV ကို ဇန်နဝါရီလကုန်တွင် အဆိုတောာ် ပြုံးမြသွယ်၏ ဖေ့ဘုတ် စာမျက်နှာ တွင် အခမဲ့ ဖြန့်ချိ ပေးရန် စီစဉ် ထားပြီး ၎င်း၏ ဖခင်၏ ဖေ့ဘုတ်စာမျက်နှာတွင်လည်း ပရိသတ် အတွက် တင်ပေးသွားမည် ဖြစ်သည်။

လက်ရှိ အနုပညာ လှုပ်ရှားမှု အနေဖြင့် အဆိုတော် G-Fatt တစ်ကိုယ်တော် အခွေတွင် ပါဝင် သီဆိုထားသလို အဆိုတော် G-Fire ၏ တစ်ကိုယ်တော် အခွေတွင်လည်း သီ   ဆို ပေးထားပြီး အဆိုတော် J Me နှင့်လည်း သီဆိုရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly