သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ပရဟိတ လူငယ် သေဆုံး

By သတင်းနှင့် မီဒီယာ ကွန်ရက်။
23 March 2022
သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ပရဟိတ လူငယ် သေဆုံး

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်။

သေနတ်ဒဏ်ရာဖြင့် အဖမ်းခံလိုက်ရသည့် ရေးမြို့မှ ပရဟိတလူငယ် သေဆုံးသွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်တွင် သေနတ်ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည့် ရေးမြို့မှ ပရဟိတ လူငယ်တစ်ဦး မောင်အောင်ခန့်ဟိန်းသည် ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် သေဆုံးသွားသည်ဟု နီးစပ်သူများ ထံမှ သိရသည်။

“အဖမ်းခံရတာက ၁၈ ရက်နေ့က သေနတ်ဒဏ်ရာနဲ့ မနေ့ (၂၀ ရက်နေ့ မှာတော့ ဆုံးသွားတယ်လို့ သတင်းရ တယ်။ သူ့ရုပ်အလောင်းကိုတော့ ရမရတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

မတ်လ ၁၈ ရက်နေ့က ဝယ်ပေါင်ကျေးရွာ ဝပ်ရှော့တစ်ခုတွင် ကားပြင်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးသွားပြီး သေနတ်ဒဏ်ရာ ထိထား သည့် မောင်အောင်ခန့်ဟိန်းနှင့် နောက်ထပ်အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် မောင်အောင်ခန့်ဟိန်းသည် ဆေးကုသခွင့်မရပဲ မတ်လ ၂၀ ရက်နေ့က သေဆုံးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

မောင်အောင်ခန့်ဟိန်းသည် ပရဟိတလူငယ်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရကာ တိမ်းရှောင်နေရသူတစ်ဦး ဖြစ်သည်။

ရေးမြို့နယ်အတွင်း ပစ်သတ်ခံရမှုဖြစ်စဥ်များ ဖောက်ခွဲမှုများဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်ဟု ရေးမြို့ခံများက ပြောသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly