မြန်မာ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ ကြီးထွားလာနေဟု ကုလ ပြော

မြန်မာ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ ကြီးထွားလာနေဟု ကုလ ပြော

မတ် ၂၀

မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များက ကြီးထွားလာနေပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် တိုက်ခိုက်မှုများကလည်း ဆက်လက်ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၁၈ ရက်က ပြောသည်။

မြန်မာတွင် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူပေါင်း ၈၈၉,၉၀၀ ရှိပြီး ၎င်းတို့အနက် ၃၇၀,၀၀၀ ခန့်က နိုင်ငံတွင် ယမန်နှစ် စစ်အာဏာသိမ်းမှုမတိုင်မီကတည်းက အိုးအိမ်နေရပ်စွန့်ခွာထားခဲ့ကြရသူများ ဖြစ်ကြောင်း ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောသည်။

သို့ရာတွင် အဆိုပါ နေရပ်စွန့်ခွာထားကြရသူများထံ ရောက်ပေါက်နိုင်မှုက ဆက်လက်ပြီး အကန့်အသတ်ဖြစ်နေဆဲဖြစ်ရာ ယင်းက ၂၀၂၂ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုကို အချိုးကျ ချဲ့မည့် အစီအစဉ်အပေါ် အဟန့်အတားဖြစ်စေလျက် ရှိကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ စစ်တပ် စစ်ဆေးရေးဂိတ်တွေက အကူအညီတွေ အရေးတကြီးလိုနေတဲ့ ဧရိယာတွေဆီ ကျွန်တော်တို့ရဲ့ ရောက်ပေါက်နိုင်မှုအပေါ် အကန့်အသတ်ဖြစ်စေနေပါတယ်” ဟု ၎င်းက ပြောသည်။

ကူညီထောက်ပံ့မှုများအတွက် လိုအပ်မှုက တုံ့ပြန်ဖြည့်ဆည်းပေးနိုင်စွမ်းထက် ကျော်လွန်ထားနိုင်ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ယင်း၏ ပါတနာများအနေဖြင့် အစားအစာ၊ ရေ၊ အနွေးထည်၊ စောင်၊ ခြင်ထောင်တို့အပြင် ရောဂါကာကွယ်မှုဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများနှင့် COVID-19 ကြိုတင်ကာကွယ်မှု ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးနေသည်ဟု သိရသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံတစ်ဝန်း ပဋိပက္ခဧရိယာများအတွင်းရှိ နေရပ်စွန့်ခွာကြရသူများနှင့် အစုအဖွဲ့များကို အကာအကွယ်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးနေသည်။ အရပ်သားပြည်သူများကို ကာကွယ်ပေးရမည့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို လေးစားလိုက်နာရန်နှင့် အကူအညီ လိုအပ်နေသည့် ပြည်သူများ လူသားချင်းစာနာမှု အကူအညီများ အသေအချာ ရရှိနိုင်ခွင့် ရှိစေရေး လုပ်ဆောင်ကြရန် ဒူဂျာရစ်က သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required