မြန်မာတွင် အကြမ်းဖက်မှု အဆုံးသတ်ပြီး ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားဖို့ အိန္ဒိယနှင့် ဂျပန် တိုက်တွန်း

မြန်မာတွင် အကြမ်းဖက်မှု အဆုံးသတ်ပြီး ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားဖို့ အိန္ဒိယနှင့် ဂျပန် တိုက်တွန်း

မတ် ၂၀

မြန်မာနိုင်ငံရှိ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ရင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်သွားရေးအတွက် အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့က တိုက်တွန်းတောင်းဆိုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ၎င်းတို့၏ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး ယမန်နေ့က ပူးတွဲကြေညာချက်တစ်ရပ်ထဲတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုသွားခဲ့ကြသည်။

မြန်မာအရေးအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံကြောင်း ၎င်းတို့က ထပ်လောင်းအတည်ပြုခဲ့ကြသလို မတိုးသာမဆုတ်သာ အခြေအနေကို ချိုးဖျက်ကျော်လွှားဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယား၏ တက်ကြွသည့် ပါဝင်ကြိုးပမ်းလုပ်ဆောင်မှုကိုလည်း ကြိုဆိုခဲ့ကြသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အမြန်ဆုံး အကောင်အထည်ဖော်ရန် ၎င်းတို့က မြန်မာကို တောင်းဆိုခဲ့ကြကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

ယမန်နှစ်က သဘောတူညီထားခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲတွင် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးနှင့် အကြမ်းဖက်မှု ရပ်ဆိုင်းရေးတို့ ထည့်သွင်းပါဝင်ထားသည်။

မြန်မာတွင် ယမန်နှစ် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ယင်းကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် နိုင်ငံတစ်ဝန်း လူမဆန် ရက်စက်သည့် ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ထားသည်။ လူအများအပြားကို သတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်ခြင်းများ အပါအဝင် အာဏာသိမ်းစစ်အုပ်စု၏ စနစ်တကျရှိသည့်၊ နေရာတကာ သက်ရောက်သည့် ကျူးလွန်ချိုးဖောက်မှုများက လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများအဖြစ် သဘောသက်ရောက်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က သောကြာနေ့ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly