ကန်ပက်လက်မြို့နယ် တိုက်ပွဲများကြောင့် ကျေးရွာနေ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်

ကန်ပက်လက်မြို့နယ် တိုက်ပွဲများကြောင့် ကျေးရွာနေ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်

မတ် ၁၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် တိုက်နယ် အမှတ်(၅) ဘက်ခြမ်းရှိ စမ္မသား၊ စံအိမ်နူးနှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ် CDF တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်နေ၍ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာမကျန်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ အပါဝင် လူ ၉၀၀ ခန့် တောတောင်များသို့ ရှောင်တိမ်း နေရကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲများ ရက်ရှည်လာသဖြင့် ကျေးရွာနေ ပြည်သူများ စားနပ် ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကန်ပက်လက် မှာက ဖေဖော်ဝါရီလ ၇ ရက်နေ့ထဲ ကနေ စစ်တပ်နဲ့ ဒီဘက်ခြမ်းက လူငယ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတော့ အားလုံးက ရှောင်နေကြတာ။ အရင်ကလည်း ဒီလိုပဲ စစ်တပ်က ရွာထဲ ဝင်လာရင် တောင်ယာ တွေမှာ ခဏ သွားရှောင်ကြတယ်။ သူတို့ ပြန်သွားရင် ပြန်လာနေကြတယ်။ စားစရာနဲနဲ ယူသွားတာပေါ့။ အခုတစ်ခေါက်က တော်တော်ကြာ နေတော့ စားစရာတွေ၊ ဆေးဝါးတွေလည်း မရှိတော့ဘူး။ တော်တော်လေး ခက်ခဲနေရပြီ'' ဟု စစ်ဘေးရှောင် တစ်ဦးကပြောသည်။

ယင်းတိုက်ပွဲများ အတွင်း မင်းတပ်မြို့ အခြေပြု စစ်ကောင်စီ ခ.လ.ရ (၂၇၄) တပ်ရင်းနှင့် ကျောက်ထု အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်၍ စမ္မသားရွာဟောင်းရှိ လူနေအိမ် ကိုးလုံး လက်နက်ကြီး ထိမှန် မီးလောင် ပျက်စီး ခဲ့သည်ဟု သိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်များ စမ္မသားကျေးရွာရှိ လူနေအိမ်များကို မွှေနှောက် ဖျက်ဆီးပြီး မီးရှို့သဖြင့် ကျေးရွာနေ ပြည်သူများ သာမက အနီးတစ်ဝိုက် ကျေးရွာနေ ပြည်သူများ ဘေးကင်းရာ ရှောင်တိမ်း နေရကြောင်း သိရသည်။

တိုက်ပွဲ ပြင်းထန်မှုနှင့် အတူ ကျည်ဆန် မလုံလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်း၊ ကျေးရွာနေ ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်ခြင်းနှင့် သာလွန် အင်အားဖြင့် ထိုးစစ်ဆင် ခံရခြင်းကြောင့် CDF-ကန်ပက်လက် တပ်မဟာ ဌာနချုပ်ကို ယာယီ စွန့်လွှတ် လိုက်ရကြောင်း CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။

ပုံ - စစ်ဘေးရှောင် တစ်ဦး တောတွင်း တစ်နေရာတွင် စစ်ရှောင်ရင်း ဆုတောင်းနေစဉ်။

#Mizzima

#ကန်ပက်လက်မြို့နယ်

#စားနပ်ရိက္ခာ

#စစ်ဘေးရှောင်

#CDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly